နေပြည်တော် ၂၈ ဒီဇင်ဘာ
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားလောကအဆင့်အတန်း မြင့်မားစေရန် ရည်ရွယ်၏ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုများအဖြစ် ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း နိုင်ငံတစ်ဝန်းရှိ အမြို့မြို့အနယ်နယ်တွင် ကျင်းပလျက် ရှိသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများနှင့် လုပ်သားပြည်သူများ၏ စုပေါင်းလမ်းလျှောက်ပွဲ စတုတ္ထအပတ်(နောက်ဆုံးအပတ်)ကို ယနေ့နံနက် ၅ နာရီ မိနစ် ၂၀ တွင် နေပြည်တော် မြို့မဈေးရှေ့ရှိ စုရပ်၌ကျင်းပရာ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ဝန်ကြီးဌာနပေါင်းစုံမှ အရာထမ်း/အမှုထမ်းများနှင့် နေပြည်တော်ရှိ လုပ်သားပြည်သူများက ပါဝင်ဆင်နွှဲကြသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများသည် နေပြည်တော်၊ မြို့မဈေးရှေ့မှ စတင်တာထွက်ပြီး ပျဉ်းမနား တောင်ညိုလမ်းအတိုင်း သပြေကုန်းအဝိုင်းမှ တစ်ဆင့် မဏိရတနာကျောက်စိမ်းခန်းမရှေ့သို့ ပန်းဝင်ကြရာ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများက လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများအား ရေသန့်ဘူးနှင့် အာဟာရမုန့်များကို ပေးဝေကြသည်။
ထို့နောက် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများသည် မဏိရတနာ ကျောက်စိမ်းခန်းမရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊ (၂)နှင့် Physical Fitness Dance လေ့ကျင့်ခန်းများကို စုပေါင်းပြုလုပ်ကြသည်။
(ထိုက်ကို)