ရန်ကုန် ၂၈ ဒီဇင်ဘာ
မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်ကြီးများအား ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပရာ စာရေးဆရာ/ဆရာမများနှင့် စာပေမိသားစုဝင်များ၊ စာပေချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿ ကျော်ဝင်း)က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး တက်ရောက်ချီးမြှင့်လာကြသော ဧည့်သည်တော်များကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန်းထူးဇော်က မုဒိတာစကားပြောကြားသည်။
ထို့နောက် သက်ကြီးစာပေပညာရှင်များအား လှူဒါန်းကြသည့် အလှူရှင်များစာရင်းကို မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က ဖတ်ကြားတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက ကန်တော့ခံသက်ကြီး စာပေပညာရှင်ကြီးများအား ကန်တော့ချိုးဖြင့် ကန်တော့ကြကာ တာဝန်ရှိသူများက ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများအား ကန်တော့ခံပစ္စည်းနှင့် အလှူငွေများပေးအပ်ကြသည်။
ယင်းနောက် ကန်တော့ခံသက်ကြီး စာပေပညာရှင်ကြီးများကိုယ်စား စာရေးဆရာကြီး ဦးထွန်းရီ(ထွန်းရီ-ရှေးဟောင်းသုတေသီ)က သြဝါဒစကားပြန်လည် ပြောကြားသည်။
မြန်မာနိုင်ငံ စာဆိုတော်နေ့ အထိမ်းအမှတ်အတွက် အလှူရှင်များက ငွေသားအလှူနှင့် ပစ္စည်းအလှူ စုစုပေါင်းတန်ဖိုးငွေကျပ် ၆၀၅၆၁၀ဝ၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်း-မွန်းဦးနဒီ
ဓာတ်ပုံ-ရဲထွဋ်