ရန်ကုန် ၂၈ ဒီဇင်ဘာ

 

(၁၄)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းညီလာခံကို ယနေ့နံနက်ပိုင်းတွင် သူနာပြုတက္ကသိုလ် (ရန်ကုန်) ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဒေါက်တာမြင့်ထွေးက ပြည်သူ့ကျန်းမာရေးကဏ္ဍနယ်ပယ် တိုးတက်ဖွံ့ဖြိုးမှုများအတွက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ယခုညီလာခံတွင် အသစ်ရွေးကောက် တင်မြောက်မည့် အသင်းကြီး၏ အလုပ်အမှုဆောင်များအနေဖြင့် ဝန်ကြီးဌာနနှင့် နေရာဒေသအလိုက်၊ လုပ်ငန်းကဏ္ဍအလိုက် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုများအတွက် လုပ်ငန်းမူဘောင်နှင့် လမ်းပြမြေပုံများရေးဆွဲချမှတ် ဆောင်ရွက်စေလိုပါကြောင်း။

 

4

 

ရခိုင်ပြည်နယ်တွင် ဆောင်ရွက်ပေးလျက် ရှိသောအသင်းကြီး၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား အသိအမှတ်ပြုကျေးဇူးတင်ရှိပြီး ဆက်လက်ဆောင်ရွက် သွားစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ ယခုအထိအသုံးချ သုတေသနပြုလုပ်နိုင်ရန်အတွက် ရန်ပုံငွေကျပ်သန်း (၆,၀၀၀) ခွင့်ပြုချထားပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းအနေဖြင့် ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး အသုံးချသုတေသနများ ဆောင်ရွက်သွားစေလိုပါကြောင်း၊ အသင်းကြီး ပိုမိုတိုးတက်ရေးအတွက် လုပ်ငန်းများကို ပုံမှန်ဆန်းစစ် သုံးသပ်မှုအမြဲပြုလုပ်ပြီး ရှေ့လုပ်ငန်းစဉ်များကို စနစ်တကျ ချမှတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အသင်းမှ ရေးဆွဲချမှတ်ထားရှိသော မဟာဗျူဟာ စီမံကိန်း (၂၀၁၉-၂၀၂၃) မှလုပ်ငန်းစဉ်များကိုလည်း ဆန်းစစ်သုံးသပ်မှုများပြုလုပ်၍ ကောင်းမွန်အောင်မြင်သော လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရန်နှင့် အားနည်းချက်ရှိသော ကဏ္ဍများကို မွမ်းမံပြင်ဆင်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

5

 

ကျန်းမာရေးမှူးများအနေဖြင့် ပြည်သူ့ကျန်းမာရေး ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်သည်သာမက အသင်းအနေဖြင့် အစိုးရမဟုတ်သောအဖွဲ့များဆိုင်ရာ ကျင့်ဝတ်များနှင့် အညီဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် (၂၀၁၇) ခုနှစ်တွင် အခြေခံကျန်းမာရေးဘွဲ့ရ ကျန်းမာရေးမှူး (၂၁၆) ဦး၊ (၂၀၁၈) ခုနှစ်တွင် (၁၆၅) ဦးခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး (၂၀၁၉-၂၀၂၀) ခုနှစ်တွင် (၃၀၀)ခန့် ခန့်အပ်တာဝန်ပေးအပ်သွားရန် စီစဉ်ထားရှိပါကြောင်း၊ ဤညီလာခံကြီးမှတစ်ဆင့် ကျန်းမာရေးမှူးနယ်ပယ်ကဏ္ဍနှင့် ပြည်သူ့ကျန်းမာရေးနယ်ပယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးပေးမည့် မဟာဗျူဟာများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်မည့် မူဘောင်များချမှတ်နိုင်ပြီး အားလုံးအကျိုးရှိမည့် လက်တွေ့ကျသည့် လုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်စေလိုပါကြောင်း။

 

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ လုပ်ငန်းများ ပိုမိုပီပြင်အောင်မြင်ခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းလည်း တိုးတက်လာကာဝန်ကြီးဌာနနှင့် နိုင်ငံတော်အတွက် အကျိုးရှိစေမည်ဖြစ်သဖြင့် ဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုးမှုများ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း‌ ရေရှည်တည်တံ့ကာ လုပ်ငန်းများ ပိုမိုအောင်မြင်နိုင်စေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံ၏ ပြည်သူအများစုနေထိုင်ရာ ကျေးလက်ဒေသများတွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ပေးလျက်ရှိသည့် ကျန်းမာရေးမှူးများ၏ ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုများကို ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ ပြည်သူများ၏ ယုံကြည်ကိုးစားမှုများကို ရရှိကာကျေးလက်ဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးမှူးများ၏ အခန်းကဏ္ဍသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအတွက် များစွာအထောက်အကူပြုပါကြောင်း၊ ကျန်းမာရေးမှူးများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများသည် မွန်မြတ်သည့်လုပ်ငန်းများ ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းအနေဖြင့် ညီညွတ်မှုကိုအခြေခံ၍ ပြည်သူ့အကျိုးပြု၊ နိုင်ငံ့အကျိုးပြုလုပ်ငန်းများကို  ဆက်လက်ဆောင်ရွက်သွားနိုင်ရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ ဥက္ကဋ္ဌ ဦးမြသွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာ ထွန်းမြင့်နှင့် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်တို့အား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် ဂုဏ်ပြုဆုများကို ပြည်ထောင်စုဝန်ကြီးက ပေးအပ်သည်။

 

4

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ညီလာခံအထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

 

ညီလာခံကို (၂၀၁၉) ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နှင့် (၂၉) ရက်နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်သည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် နှီးနွှယ်အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

 

သတင်းစဉ်