ရန်ကုန် ၂၈ ဒီဇင်ဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် ရတနာစု ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်(တောင်ဥက္ကလာ)သို့ သွားရောက်၍ ရေနံဓာတ်ငွေ့ရည် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

အရောင်းဆိုင်ရှင်းလင်းဆောင်တွင် ဒုတိယဝန်ကြီးအား မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်၊ ရတနာစုကုမ္ပဏီလီမိတက်၏ MD ဦးရဲဝင်းနှင့် တာဝန်ရှိသူများမှ ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း) လည်ပတ်မှု၊ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင် (အင်းစိန်၊ မြောက်ဒဂုံ၊ မှော်ဘီ)တို့၏ လုပ်ငန်းဆောင်ရွက်နေမှု၊ အရောင်းဆိုင် (တောင်ဥက္ကလာ) ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်မှုတို့အား ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရေနံဓာတ်ငွေ့ရည်တင်သွင်း ဖြန့်ဖြူးရောင်းချမှုကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍမှ ယခုကဲ့သို့ ပါဝင်ဆောင်ရွက်လာမှုကို အားပေးပါကြောင်း၊ နောင်တွင် ရေနံဓာတ်ငွေ့ရည်သုံးစွဲမှုအား နေအိမ်မီးဖိုချောင်သုံးကဏ္ဍသာမက သယ်ယူပို့ဆောင်ရေးကဏ္ဍအထိပါ ဖွံ့ဖြိုးတိုးတက်လာရေး ရည်မှန်းဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းလုပ်ကိုင်သူများနှင့် LPG ဓာတ်ငွေ့ရည်သုံးစွဲသူတို့ ဘေးအန္တရာယ်ကင်းဝေးစေရန် နည်းဥပဒေရေးစွဲလျှက်ရှိပါကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရေနံဓာတ်ငွေ့ရည်အိုးများ၏ သက်တမ်းကြံ့ခိုင်မှုနှင့်ပတ်သက်၍ သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးစမ်းသပ်မှုများခံယူရန် လိုအပ်ပါကြောင်း၊ ရေနံဓာတ်ငွေ့ရည်သုံးစွဲမှု ပိုမိုကျယ်ပြန့်လာစေရေးအတွက် ပြည်သူလူထုသို့ အသိပညာပေးခြင်းများကို အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အနာဂတ် အစီအမံများအရ ရေနံဓာတ်ငွေ့ရည်တိုးတက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကြိုတင်မျှော်မှန်း စီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် Safety Training များစဉ်ဆက်မပြတ် ဖွင့်လှစ်လေ့ကျင့်ပေးရန် လိုအပ်ပါကြောင်း၊ မီးဘေးလုံခြုံရေးအတွက် သတ်မှတ်ရေးဆွဲထားသည့် စီမံချက်များအတိုင်း ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း မှာကြားသည်။

ယခင် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်(အလုံ)အား လုပ်ငန်းလိုအပ်ချက်အရ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် (တောင်ဥက္ကလာ)သို့ ပြောင်းရွှေ့တည်ဆောက်ခြင်း ၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ငွေကျပ်သန်းပေါင်း (၆၀၆ ဒသမ ၅) အကုန်ကျခံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါအဆိုပါဆိုင်မှ ရေနံဓာတ်ငွေ့ရည် ဖြန့်ဖြူးရောင်းချခြင်းအား ဒီဇင်ဘာ ၁၇ ရက်မှ စတင်၍ တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များမှ အပနေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်