မန္တလေး ၂၉ ဒီဇင်ဘာ
(၄၃)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့ နံနက် ၅ နာရီခွဲက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့တွင် ကျင်းပသည်။
အဆိုပါ လူထုစုပေါင်းစက်ဘီးစီးနင်းပွဲတွင် မန္တလေးမြို့ရှိ အပျော်တမ်း စက်ဘီးစီးအဖွဲ့များ၊ အားကစားနှင့် ကာယပညာသိပ္ပံ စက်ဘီးစီးအဖွဲ့၊ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဆင်နွှဲခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးက သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့သည်။
စက်ဘီးစီးအဖွဲ့သည် မြို့တော်စည်ပင်သာယာရုံးရှေ့မှ ၂၆ လမ်းအတိုင်း၊ လမ်း ၈၀ အထိ၊ ၎င်းမှ ၁၂ လမ်းအတိုင် ၆၆ လမ်းအထိ၊ ၎င်းမှ ၂၆ လမ်းအတိုင်း မြို့တော်စည်ပင်သာယာရုံးရှေ့တွင် ပန်းဝင်ကြသည်။ စက်ဘီးစီး အားကစားသမားများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် အစိုးရအဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးကြသည်။
အဆိုပါ လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ စက်ဘီးစီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သီဟကိုကို(မန္တလေး)