မူဆယ် ၂၉ ဒီဇင်ဘာ
မူဆယ်-တရုတ် နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ရာ ကူညီဆောင်ရွက်ပေးမည့်သူများအား သင်တန်းပို့ချခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက စိန်ရတနာဟိုတယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တရုတ်နိုင်ငံ မာရသွန်အပြေးပြိုင်ပွဲ ကျင်းပရေးအဖွဲ့မှ မစ္စတာဝင်ရီဖုန်က တာဝေး၊ တာလတ်၊ အဖွဲ့လိုက်၊ တစ်ဦးချင်း ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအတွက် လမ်းခရီး အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ရမည့်အချက်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ရေနှင့်အစားအစာ ပံ့ပိုးကူညီမှုများ၊ ပါဝင်ယှဉ်ပြိုင်ကြသည့် အပြေးသမားများ အနှောင့်အယှက်မဖြစ်စေရန် ကူညီဆောင်ရွက်မှုများ၊ လုံခြုံရေးကိစ္စများကို သင်တန်းပို့ချခဲ့သည်။
အခမ်းအနားသို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(မူဆယ်ရုံးခွဲ)ဥက္ကဋ္ဌ ဦးရှင်ဖူးနှင့် အဖွဲ့ဝင်များ၊ မာရသွန်ပြိုင်ပွဲကို ပါဝင်ကူညီဆောင်ရွက်ကြမည့် မူဆယ်မြို့ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူ စေတနာရှင်များ တက်ရောက်ခဲ့ကြပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက ဝတ်စုံများပေးအပ်ခဲ့ကြောင်း သိရသည်။
ဉာဏ်မင်း(နမ့်ခမ်း)