မြိတ်  ၂၉  ဒီဇင်ဘာ

မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ရော်ဘာပင်များတွင် Pestalotiopsis Spp. မှိုရောဂါ ကျရောက်မှုနှင့် ပတ်သက်၍ တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ မော်လမြိုင် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မေဆန်းနှင့် ဝန်ထမ်းများ၊ မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများ၊ တနင်္သာရီတိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်အေးသန္တာစိုး၊ မြိတ်ခရိုင် လေးမြို့နယ်တို့မှ စိုက်ပျိုးရေးဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ မြိတ်ခရိုင်အတွင်းရှိ ရော်ဘာစိုက်ခြံရှင်များ၊ ရော်ဘာစိုက်ပျိုးသူ တောင်သူ ၃၇ ဦး စုစုပေါင်း ၅၈ ဦး တက်ရောက်ခဲ့ကြသည်။

အသိပညာပေး ဆွေးနွေးပွဲတွင် မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းဇော်က အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားတို့တွင် မှိုရောဂါအသစ်တစ်မျိုး ဖြစ်ပွားနေကြောင်း၊ ဒီရောဂါဖြစ်ရင် တစ်ပင်လုံးအရွက်ကြွေပီး အထွက်နှုန်း ၅၀ ရာခိုင်နှုန်း ကျဆင်းသွားသောကြောင့် ၎င်းရောဂါမျိုး မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့ရင် အချိန်မီ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်အတွက် ၎င်းရောဂါနှင့် ပတ်သက်၍ တားဆီးနှိမ်နင်းမည့် နည်းလမ်းနည်းစနစ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မော်လမြိုင် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မေဆန်း၊ မော်လမြိုင်နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာနမှ ဝန်ထမ်းများက ရော်ဘာပင်များတွင် ကျရောက်တတ်သည် Pestalotiopsis Spp. မှိုရောဂါကျရောက်မှုနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် မြိတ်ခရိုင်အတွင်းရှိ ရော်ဘာခြံရှင်များ၊ ရော်ဘာစိုက်ပျိုးသူ တောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

မြင့်ဦး(မြိတ်)