ဂန့်ဂေါ ၂၉ ဒီဇင်ဘာ

 

မြစ်သာမြစ်သည် တောင်ဘက်မှ မြောက်ဘက်သို့ ဂန့်ဂေါမြို့နယ်ကို အလျားလိုက် ဖြတ်သန်း၍ ကျေးရွာများစွာအနီးမှ စီးဆင်းရာ ရေနည်းချိန်ဖြစ်သည့် ဆောင်းကာလတွင် ဒေသနေပြည်သူများသည် မြစ်ကမ်းဘေး ကိုင်းမြေများ၌ မြစ်ရေတင်ပြီး ဟင်းသီးဟင်းရွက်ခင်းများကို နှစ်စဉ်စိုက်ပျိုးကြသည်။

 

ထိုသို့စိုက်ပျိုးကြရာတွင် "စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းအောင်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလဲမရှိအောင် ဌာနဝန်ထမ်းများကွင်းဆင်းပြီး တောင်သူများနဲ့တွေ့ဆုံ အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ပါတယ်" ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

စိုက်ပျိုးကြသည့် သီးနှံအများစုမှာ ဆလတ်၊ မုံညင်း၊ ဂေါ်ဖီထုပ်၊ ခရမ်း၊ ခရမ်းချဉ်၊ တိုင်ထောင်ပဲ စသည်တို့ဖြစ်ပြီး ပိုလျှံပါက မိသားစုဝင်‌ငွေအတွက် ရောင်းချကြသည်ဟု ဆိုသည်။

 

ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် အဖွဲ့သည် စိုင်ဒူးကျေးရွာအနီးရှိ ဟင်းသီးဟင်းရွက် စိုက်ခင်းများသို့ ဒီဇင်ဘာ ၂၈ ရက်က သွားရောက်ကွင်းဆင်း၍ ဓာတုဆေးများကြောင့် မြစ်ချောင်းများ ညစ်ညမ်းမှုမဖြစ်စေရေး၊ သဘာဝပိုးသတ်ဆေးများ ဖော်စပ်သုံးစွဲရေး၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

တောင်သားမောင်သန်း