၂၉ ဒီဇင်ဘာ

 

နှလုံးဆိုတာ လူသားတစ်ယောက်အတွက် မရှိမဖြစ်ကိုယ်တွင်းအစိတ်အပိုင်း တစ်ခုပါ။ လူတစ်ယောက် အသက်ရှင်နေတာကို နှလုံးခုန်မခုန်နဲ့သာ ဆုံးဖြတ်တာကြောင့် နှလုံးက လူတစ်ယောက်အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကို သိနိုင်ပါတယ်။ သူမရှိဘဲနဲ့ သင်ဘယ်လိုမှ အသက်မရှင်နိုင်ပါဘူး။ ဒါကြောင့် အသက်ရှင်ခြင်းရဲ့ အဓိကလို့ပြောလိုရတဲ့ နှလုံးလေးကျန်းမာနေဖို့အတွက် သင့်အနေနဲ့ အများကြီးလုပ်ဆောင်ပေးရပါမယ်။ ခုပြောပြချင်တာကတော့ နှလုံးကျန်းမာအောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားတာ၊ လေ့ကျင့်ခန်းလုပ်တာတွေအပြင် ဆေးပညာနဲ့ နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ တစ်ခြား အဆင့်မြင့် စမ်းသပ်ကိရိယာတွေ၊ စစ်ဆေးမှုတွေနဲ့ နှလုံးကျန်းမာရေးကို ကြိုတင်စမ်းသပ် စစ်ဆေးလို့ရတဲ့ အကြောင်းပဲဖြစ်ပါတယ်။ ။

 

နှလုံးအတွက်လုပ်လို့ရတဲ့ အဓိကကြိုတင်စစ်ဆေးမှုတွေက ဘာတွေလဲ

 

ကြိုတင်စစ်ဆေးတယ်ဆိုတာမှာ ဓာတ်ခွဲခန်းနဲ့ ဆိုင်တဲ့ စစ်ဆေးမှုတွေ၊ ပုံရိပ်ကို မှန်းဆပုံဖော်တာတွေနဲ့ မျိုးရိုးဗီဇကို လေ့လာမှုတွေပါပါတယ်။ ဘယ်လိုလူတွေကြိုတင် စစ်ဆေးမှုတွေကို လုပ်သင့်လဲဆိုတဲ့ အပိုင်းမှာတော့ လူနာရဲ့ အသက်အပိုင်းအခြား၊ တခြား ရောဂါတွေရှိနေတာနဲ့ နှလုံးရောဂါမျိုးရိုး ရှိတာပေါ် မူတည်ပြီး ကွဲပြားသွားပါတယ်။ ဘယ်လို စစ်ဆေးချက်တွေ ကြိုတင်စမ်းသပ်မှုတွေ လုပ်လို့ရလဲဆိုတာဆက်ကြည့်ရအောင်။ ။

 

ဓာတ်ခွဲခန်းနဲ့ ဆိုင်တဲ့ စမ်းသပ်ချက်တွေကတော့

 

သွေးတွင်းကိုလက်စရော(အဆီဓာတ်) ပမာဏကို တိုင်းခြင်း။ နှလုံးသွေးကြောကျဉ်းတာကို ကြိုတင်သိနိုင်ဖို့အတွက် ဖြစ်တယ်။

 

သွေးနီဥ ပမာဏကို တိုင်းခြင်း။ သွေးအားနည်းခြင်းကြောင့် နောက်ဆက်တွဲ နှလုံးရောဂါဖြစ်တာကို ကြိုတင်သိနိုင်စေဖို့ အတွက်ဖြစ်တယ်။

 

သွေးတွင်း သိုင်းရွိုက်ဟော်မုန်းတက်မတက် စစ်ဆေးခြင်း။ သိုင်းရွိုက်ဟော်မုန်းတက်ခြင်းကြောင့် နှလုံးထိခိုက်ခြင်းကို ကြိုတင်ကာကွယ်ဖို့ အတွက်ဖြစ်တယ်။

 

သွေးတွင်း သကြားဓာတ်ကို တိုင်းတာခြင်း။ ဆီးချိုရောဂါရှိနေရင် နောက်ဆက်တွဲအနေနဲ့ နှလုံး ထိခိုက်မှုရှိသွားမှာ စိုးလို့ဖြစ်တယ်။

 

C- reactive Protein ကို တိုင်းခြင်း။ ကိုယ်တွင်း တစ်နေရာမှာ ရောင်ရမ်းမှုရှိနေရင် ပမာဏမြင့်တက်လာတဲ့ ပရိုတင်းကို တိုင်းခြင်းကြောင့် နှလုံးကြွက်သားတွေ ရောင်မရောင်သိနိုင်တယ်။

 

သွေးပေါင်ချိန်တိုင်းခြင်း။ သွေးတိုးရှိနေရင် နောက်ဆက်တွဲအနေနဲ့ နှလုံးကိုပါ ဆက်ထိခိုက်မှာ စိုးတာကြောင့်ဖြစ်တယ်။

 

ပုံရိပ်ဖမ်းတဲ့ စစ်ဆေးမှုတွေ အနေနဲ့ ကတော့

 

Chest X Ray (ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း)။ ရင်ဘတ်ဓာတ်မှန်ရိုက်ပေးခြင်းကြောင့် နှလုံးကြီးနေလား ဆိုတာကို သိနိုင်တယ်။

 

ECG ဆွဲခြင်း။ လျှပ်စစ်စီးနေတဲ့ ကပ်ခွာလေးတွေက တစ်ဆင့် နှလုံးခုန်စည်းချက်မှန်မမှန်၊ နှလုံးပုံမှန် အလုပ် လုပ်မလုပ် နဲ့ သွေးတွင်းမှာ ပိုတက်ဆီယမ် ပမာဏ အနည်းအများကြောင့် နှလုံးထိခိုက်ခြင်းကို သိနိုင်ပါတယ်။

 

Echocardiogram နှလုံးပုံရိပ်ဖမ်းခြင်း။ အသံလှိုင်းကို အသုံးပြုပြီး နှလုံးပုံရိပ်ကို သိနိုင်တာကြောင့် နှလုံးကြီးနေတာနဲ့ အဆို့ရှင်တွေ ပုံမှန်ဟုတ်မဟုတ်ကို သိနိုင်ပါတယ်။

 

Exercise ECG။ ပြေးစက်ပေါ်ပြေးခိုင်းပြီး ECG ဆွဲတာကြောင့် နှလုံးသွေးကြောကျဉ်းနေတာ၊ နှလုံးအမောခံနိုင်မှု ဘယ်လောက်ရှိလဲဆိုတာတွေကို သိနိုင်ပါတယ်။

 

Coronary Angiography ။ ဆေးရည်တစ်မျိုးထိုးသွင်းပြီး နှလုံးသွေးကြောကျဉ်းနေတာ၊ သွေးကြော ပိတ်နေတာတွေနဲ့ ဘယ်နေရာမှာဖြစ်နေတာလဲဆိုတာကို သိနိုင်ပါတယ်။

 

CT scan ။ ကွန်ပျူတာ နည်းပညာနဲ့ နှလုံးကို ဘက်ပေါင်းစုံက မြင်နိုင်တဲ့ ပုံရိပ်ဖော်စမ်းသပ်မှု တစ်ခုပါ။

 

MRI ။ သံလိုက်စက်ကွင်းတွေကို သုံးပြီး နှလုံးကြွက်သားတွေမှာ ပုံမှန်မဟုတ်တဲ့ တစ်ရှူးတွေရှိနေလားနဲ့ နှလုံးရဲ့ သွေးညှစ်အားကို သိနိုင်ပါတယ်။ ခုပြောခဲ့တာတွေကတော့ နှလုံးနဲ့ ပက်သက်ရင် စမ်းသပ်စစ်ဆေးလို့ရတဲ့ ကြိုတင်စစ်ဆေးမှုတွေပဲ ဖြစ်ပါတယ်။

 

ဘယ်လိုလူတွေက ကြိုတင်စစ်ဆေးမှုတွေ လုပ်သင့်လဲ

 

နှလုံးရောဂါဆိုတာ လူတွေရဲ့ နေစဉ်လုပ်နေကျ လုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်တော့တဲ့ အထိ ဒုက္ခပေးနိုင်ပြီး နောက်ဆုံး အသက်ပါဆုံးရှုံးစေနိုင်တဲ့ အထိ ဒုက္ခပေးနိုင်တဲ့ ရောဂါ တစ်ခုပါ။ ဒါကြောင့် မဖြစ်ခင်ကြိုတင်ကာကွယ်ထားတာကသာ အကောင်းဆုံးပါ။ ခုပြောပြထားတာတွေထဲက တစ်ချက်နဲ့ ကိုက်ညီနေရင် သင်အနေနဲ့ နှလုံးကျန်းမာရေးအတွက် ကြိုတင်စစ်ဆေးမှုတွေကို လုပ်သင့်ပါတယ်။

 

နှလုံးရောဂါမျိုးရိုးရှိတဲ့သူတွေ။

 

သွေးတိုးရောဂါ၊ ဆီးချိုရောဂါသမားတွေ

 

အဝလွန်နေတဲ့သူတွေ

 

အရက်သောက်နေတဲ့သူတွေ

 

ဆေးလိပ်စွဲသောက်နေတဲ့ သူတွေ

 

အထိုင်များပြီး လှုပ်လှုပ်ရှားရှား မလုပ်တဲ့ သူတွေက နှလုံးထိခိုက်မှုပိုရှိနိုင်တဲ့အတွက် အခြားသူများထက်စာရင် နှလုံးကို ပုံမှန် တစ်နှစ်တစ်ခါလောက်တော့ စစ်ဆေးမှု လုပ်ပေးသင့်ပါတယ်။

 

ကြိုတင်ကာကွယ်ခြင်းကဖြစ်မှ ကုသခြင်းထက် ပိုကောင်းတာ အားလုံးသိကြမှာပါ။ ဖြစ်လာပြီဆိုရင် လည်း စောစောသိ စောစောကုသခြင်းကသာ အထိရောက်ဆုံးပါ။ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ အသက်သေဆုံးခြင်းကို ဒါမှသာ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် အသက်ရှင်နေခြင်းရဲ့ အဓိကဖြစ်တဲ့ နှလုံးလေးမှာ ရောဂါတွေ ဖြစ်နေလား၊ နှလုံးကျန်းမာပါရဲ့လားဆိုတာ ကြိုတင်သိနိုင်ဖို့ နှလုံးစစ်ဆေးမှုတွေကို ကြိုကြိုတင်တင်နဲ့ ပုံမှန်လုပ်ပေးသင့်ပါတယ်။

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”