ကျောင်းကုန်း ၂၉ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အရှေ့ချောင်းအုပ်စု၊ အ.ထ.က (ခွဲ) ပုဂံစုကျောင်း၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တစ်လလျှင် နှစ်ကြိမ် ပြည်သူများနှင့် တွေ့ဆုံနေကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေကြောင်း၊ ယခုအခမ်းအနားသည် အစည်းအဝေးမဟုတ်ဘဲ အသိပညာပေး ဆွေးနွေးပွဲဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း က ဂျပန်နိုင်ငံတိုးတက်ရခြင်းမှာ အချိန်တိကျခြင်း၊ အမှိုက်ကင်းစင်ခြင်း၊ အလုပ်ကြိုးစားခြင်း၊ စည်းကမ်းရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း က ဥပဒေဘောင်အတွင်းမှ မိမိတို့၏ရပိုင်ခွင့်ကို ရအောင်ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပြီး၊ မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော်က လက်ရှိလုပ်ကိုင်နေသော အလုပ်အပေါ် မတူညီသော စဉ်းစားမှုများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေက လူကုန်ကူး ခံရနိုင်သည့် အချက်များကို ရှင်းလင်းပြောကြားပြီး၊ ဒေသခံပြည်သူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်း၊ တိုင်းရင်းဆေးမှ တာဝန်ရှိသူများက ဆေးကုသပေးခြင်းများ အခမဲ့ ဆောင်ရွက်ပေးခဲ့ပြီး ရေဒီယို(၃)လုံးမဲဖောက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)