နေပြည်တော် ဒီဇင်ဘာ ၂၉

စာသင်ကျောင်းများတွင် ဘောလုံးအားကစားနှင့် ပိုမိုထိတွေ့ကစားခွင့်ရရှိရေး (FIFA football for schools) အစီအစဉ် အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ NovotelYangonMax ဟိုတယ်၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ဘောလုံး အားကစားကို ထိတွေ့ကစားရန် အခွင့်အလမ်းပိုမိုရရှိမည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ Football for schools အစီအစဉ်ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဘောလုံးအားကစားနည်း သည် မြန်မာတစ်နိုင်ငံလုံးက စိတ်ပါဝင်စားသော၊ အထူးအားပေးသော အားကစားနည်း တစ်ရပ်ဖြစ်၍ ဝန်ကြီးဌာနအနေဖြင့် ဘောလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မား ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများတွင် ဘောလုံး အားကစားနှင့် ပိုမိုထိတွေ့ကစားခွင့်ရရှိရေးနှင့် ဘောလုံးပြိုင်ပွဲများ ပိုမိုကျင်းပနိုင်ရေးတို့ အတွက် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့နှင့် လက်တွဲပြီး လမ်းပြမြေပုံ နှင့် လုပ်ငန်းမူဘောင်များ ချမှတ်ကာ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးသင်ရိုး ညွှန်းတမ်းအသစ်အရ အားကစားနှင့် ကာယပညာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ တိုင်း သင်ယူရမည်ဖြစ်ပြီး လတ်တလောအချိန်သည် အကူးအပြောင်းကာလဖြစ်၍ အတန်း တိုင်း ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း၊ Football for schools အစီအစဉ် တစ်နိုင်ငံလုံး ကျယ်ပြန့်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန အဆင့်မြင်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါ်ခင်မာထွေး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် Myanmar National League အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော် တို့က မြန်မာနိုင်ငံ ဘောလုံးအားကစား ပိုမိုဖွံ့ဖြိုးရေးအတွက် ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

(သတင်းစဉ်)