အင်းတော်ကြီး  ၃၀  ဒီဇင်ဘာ


ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ထောက်ကျေးရွာ အောက်ရွှေမှော်အနီးတွင် မုန်ယိုနေသည့်ဆင်အား ယမန်နေ့ မွန်းလွဲပိုင်းက မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိပြီဖြစ်ကြောင်း မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


အင်းတော်ကြီးဒေသ၊ အောက်ရွှေမှော်အနီးတွင် ဆင်ဦးစီးအပါအဝင် လူသုံးဦးသေဆုံးသည်အထိ မုန်ယိုကာ နင်းသတ်ခဲ့သည့် အောင်ဘုအမည်ရှိဆင်အား စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မှ ဆင်ဆရာဝန် ဒေါက်တာမျိုးမင်းအောင်ဦးစီးသည့် ဆင်ဖမ်းအဖွဲ့မှ ကွန်ဂျီဆင်သုံးကောင်၊ မေ့ဆေးသေနတ် နှစ်လက်ဖြင့် ဒေသခံ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီခန့်က တောနင်းရှာဖွေခဲ့ရာ မုန်ယိုနေသည့်ဆင် (အောင်ဘု)နှင့်အတူရှိနေသည့် မိမိုးအမည်ရှိ ဆင်မကိုပါတွေ့ရှိခဲ့ပြီး မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ထားရှိခဲ့သည်။

 

a

 


ညနေ ၄ နာရီတွင် မေ့မြောနေသည့် ဆင်(အောင်ဘု)အား ထူးခတ်၍ ဖြေဆေးထိုးနှံပေးပြီး ဆင်ပိုင်ရှင်အား ပြန်လည်အပ်နှံကာ ဒီဇင်ဘာ ၃၀ ရက်တွင် ဆင်၏အခြေအနေကိုကြည့်ရှု၍ အခြေအနေကောင်းမွန်ပါက ဆင်ဖမ်းအဖွဲ့မှ ကောလင်းမြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

 

a

 


အဆိုပါဆင်ဖမ်းရာတွင် ဆင်ဦးစီးဖြစ်သူ ဦးသိန်းထွန်းမှာ ထိခိုက်ဒဏ်ရာရှိခဲ့၍ နန့်မွန်းဆေးရုံမှတစ်ဆင့် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။


ဝင်းနိုင်(ကချင်မြေ)