သထုံ ၃၀ ဒီဇင်ဘာ
မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီး အထိမ်းအမှတ်အဖြစ် သတ္တမအကြိမ်မြောက် မြို့လုံးကျွတ် မဟာနိဗ္ဗာန်ဈေးပွဲတော်ကို ဒီဇင်ဘာ ၂၉ ရက်၊ မွန်းလွဲပိုင်းက စေတီတော်မြတ်ကြီးဝန်းကျင်တွင် သထုံမြို့သူ/မြို့သားများစုပေါင်း၍ စည်ကားစွာ ပြုလုပ်ခဲ့ကြသည်။

“၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ကစပြီး စေတီတော်ရဲ့ နေရာအတော်များများမှာ ဓါတ်တော်တွေ ကွန့်မြူးပြီး ရောင်ခြည်တော်ထူးတွေကို မြို့သူ/မြို့သား အများအပြားတို့က ရက်အတန်ကြာ ဖူးမြင်ခဲ့ရတယ်။ ဒါကိုပူဇော်တဲ့အနေနဲ့အခုလို မဟာနိဗ္ဗာန်ဈေးပွဲတော်ကို ကျင်းပခဲ့ကြတာပါ” ဟု စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ပြောသည်။
မဟာနိဗ္ဗာန်ဈေးပွဲတော်ကို ညနေ ၄ နာရီ အချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြရာ မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ယိမ်းအဖွဲ့များက ဧည့်ခံဖျော်ဖြေကြပြီး ရပ်နီးရပ်ဝေးမှ ပွဲတော်လာ ပရိတ်သတ်များစွာတို့က သထုံမြို့နယ်အတွင်းရှိ အဖွဲ့အစည်းပေါင်းစုံတို့၏ ဆိုင်ခန်း ပေါင်း (၁၀ဝ) ကျော်မှ စားသောက်ဖွယ်ရာမျိုးစုံ ကျွေးမွေးလှူဒါန်းသည့် နိဗ္ဗာန်ဈေးပွဲတော်တွင် တပျော်တပါး ဝင်ရောက်ဆင်နွှဲခဲ့ကြသည်။

အဆိုပါပွဲတော်ကို သထုံမြို့နယ်အတွင်းရှိ ဆရာတော်ကြီးများ၏ သြဝါဒလမ်းညွှန်မှုကို ခံယူကာ မြို့နယ်သံဃနာယကအဖွဲ့၊ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် စေတနာရှင် မြို့သူမြို့သားတို့ ဦးဆောင်မှုဖြင့် ကျင်းခြင်းဖြစ်ပြီး ပွဲတော်ရက်မတိုင်မီ ဒီဇင်ဘာ ၂၆ ရက်ကစတင်ကာ ဝတ်အသင်းအဖွဲ့များက ညစဉ် ဝတ်ရွတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။
ပူဇော်ပွဲကို ဒီဇင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ပထမနေ့တွင် မြို့လုံးကျွတ် မဟာနိဗ္ဗာန်ဈေးပွဲတော်နှင့် ဒုတိယနေ့တွင် သံဃာတော် အပါး ၁၅၀ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

သက်ဦး(သထုံ)