ပဲခူး ၃၀ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဇနီးသည် ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မင်းလှမြို့တွင် တည်ဆောက်လျက်ရှိသည့် မင်းလှမြို့ ဂုဏ်ဆောင် ဓမ္မသုခ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် အလှူငွေများအား ဝေဠုဝန်ကျောင်းတိုက်ဆရာတော်ဘုရားကြီးနှင့် တည်ဆောက်ရေးကော်မတီအဖွဲ့တို့ထံ သွားရောက်လှူဒါန်းခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဇနီးမိသားစုတို့နှင့်အတူ မြန်မာမုဒိသာဖောင်ဒေးရှင်း ဥက္ကဌဦးတင်မောင်နိုင်နှင့်ဇနီးမိသားစုတို့ကလည်း ဓမ္မသုခဓမ္မာရုံကြီးအတွက် အလှူ ငွေကျပ်(၁၀)သိန်းစီ ပေါင်းငွေကျပ်သိန်း(၂၀)ကို ဝေဠုဝန်ကျောင်းတိုက်ဆရာတော်ဘုရားကြီး၏ ရှေ့မှောက်တွင် တည်ဆောက်ရေး ကော်မတီအဖွဲ့ထံ လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြကြောင်း သိရသည်။
အလျားပေ ၁၂၀၊ အနံ ပေ ၆၀ရှိ နှစ်ထပ်ခွဲ မင်းလှမြို့ဂုဏ်ဆောင် ဓမ္မသုခသာသနာ့ဗိမာန်တော်ကြီးကို မင်းလှမြို့၊ အမှတ်(၆)ရပ်ကွက် ဈေးချိုတန်းလမ်းရှိ မြို့လယ်ဓမ္မာရုံဘုရားဝန်းအတွင်း၌ တည်ဆောက်လျှက်ရှိ ကြောင်း သိရသည်။
တင်စိုး(ပဲခူး)