ဘုတလင် ၃၀ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် (၉၃)ကြိမ်မြောက် စရဏ-ဝိဇ္ဇာ-နှစ်ဖြာယှဉ်တွဲ ကျေးဇူးဆပ် ပူဇော်ပွဲကို ဒီဇင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ ၅ ရက်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးဇူးဆပ်ပူဇော်ပွဲတွင် ပထမကြောင်ပန်းဆရာတော်ကြီးမှ ယခု အဌမမြောက် ဆရာတော်ကြီး လက်ထက်ထိ ဆရာတော်ကြီးများ၏ တပည့်ဆရာတော်၊ သံဃာတော်များက မွန်းလွဲ ၁၂ နာရီမှ ညနေ ၅ နာရီအထိလည်းကောင်း၊ ည ၇ နာရီခွဲမှ မနက် ၅ နာရီခွဲအထိ နေ့စဉ်တရားပွဲများကို အလှည့်ကျ ဟောကြားတော်မူကြပြီး တရားပွဲနှင့် ဈေးပွဲတော်ကို လာရောက်ကြသည့် ပရိသတ်များကို ထမင်းစတုဒီသာ များ ကျွေးမွေးဧည့်ခံခဲ့သည်။

ကျေးဇူးဆပ်ပူဇော်ပွဲနှင့်အတူ ဈေးပွဲတော်ကိုလည်း ကျင်းပခဲ့ပြီး အနယ်နယ်၊ အရပ်ရပ်မှ လာရောက် ကြသူများက လူသုံးကုန်ပစ္စည်းများ ဖြစ်သည့် ဖျာ၊ ဆန်ကော၊ ဆန်ကာ၊ ဓား၊ ခမောက်၊ စဉ့်အိုး၊ ငါးခြောက်နှင့် ကလေးကစားစရာ ရွံရုပ်၊ အိုးပုတ်များ ရောင်းချပေးလျက်ရှိသည်။

အဆိုပါ ကျေးဇူးဆပ်ပူဇော်ပွဲသည် ဘုတလင်မြို့နယ်၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်ကြောင်း ကြောင်ပန်း ကျောင်းတိုက် ဂေါပကအဖွဲ့ထံမှ သိရသည်။
ဖိုးခါး(ပြန်/ဆက်)