မန္တလေး ၃၀  ဒီဇင်ဘာ

မန္တလေးဆရာအတတ်သင် သိပ္ပံ/ပညာရေးကောလိပ်(၁၃)ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲနှင့် သင်တန်းသားသင်တန်းသူဟောင်းများ မိတ်ဆုံပွဲကို ယမန်နေ့က ချမ်းအေးသာစံမြို့နယ် ၆၈လမ်း၊ ၃၄လမ်းနှင့်၃၅လမ်းကြားရှိ မန္တလေးပညာရေးကောလိပ် ပညာတန်ဆောင်ခန်းမတွင်  ကျင်းပခဲ့သည်။

အခမ်းအနားတွင် ၁၉၅၄ခုနှစ်မှ ၁၉၉၉ခုနှစ်အထိ မန္တလေးဆရာအတတ်သင်သိပ္ပံတွင် တာဝန်ထမ်းဆောင်ခဲ့သော ဆရာဆရာမကြီးများ၊ ၂၀ဝ၀ပြည့်နှစ်မှ ၂၀၁၉ခုနှစ်အထိ မန္တလေးပညာရေး ကောလိပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အသက်(၆၀)ပြည့် အငြိမ်းစားဆရာဆရာမကြီများ၊ ဆရာအတတ်သင်သိပ္ပံနှင့်ပညာရေး ကောလိပ်ဆင်း သင်တန်းသားသင်တန်းသူဟောင်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မန္တလေးပညာရေးကောလိပ် ကျောင်းအုပ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးဝင်းထွန်းက အာစရိပူဇော်ပွဲကျင်းပ ရခြင်းနှင့် ကောက်ခံရရှိသည့် အလှူငွေစာရင်းများကို ရှင်းလင်းပြောကြားသည်။ ထိုနောက် ကန်တော့ချိုးတိုင်ပေးကာ ဆရာကြီး၊ဆရာမကြီးများအား လက်အုပ်ချီမိုး ကန်တော့ကြပြီး ကန်တော့ငွေနှင့်ပစ္စည်းများ ပေးအပ်ကြသည်။ ထိုနောက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ကျောင်းအုပ်ကြီး(ငြိမ်း) ဦးညီညီနှင့် ဒုတိယကျောင်းအုပ် ဒေါ်အေးရွှေတို့က ဆုပေးစကားများ ပြောကြားကြသည်။ ထို့နောက် ဆရာဆရာမကြီးများ၊ သင်တန်းသားသင်တန်းသူဟောင်းများ မိတ်ဆုံပွဲကို စားရိပ်သာတွင် ကျင်းပခဲ့ပြီး မြတ် ဆရာပူဇော်ပွဲဖြစ်မြောက်ရေး ကော်မတီက နေ့လည်စာဖြင့် ဧည့်ခံခဲ့ပြီး ပညာရေးကောလိပ် သင်တန်းသားသင်တန်းသူများက မြတ်ဆရာသီချင်းဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)