ဘားအံ ၃၀ ဒီဇင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(ဘားအံ)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် (ပထမအကြိမ်) လက်ရက်ကန်း (၆) လ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၃၀ ရက်၊ နံနက် ၁၀ နာရီက ကရင်ပြည်နယ် ဘားအံမြို့ ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်းရှိ နည်းပညာဆောင် အပေါ်ထပ်တွင် ပြုလုပ်ခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ဆက်လက်၍ သင်တန်းတွင် ထူးချွန်သည့် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရသူများအား ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးကလည်းကောင်း၊ သင်တန်းဆင်းကျောင်းသူများအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သော ချည်မျှင်နှင့် ရက်ကန်းစင်များအား မွန်တိုင်းရင်သား လူမျိုးရေးဝန်ကြီး ဦးမင်းတင်ဝင်းက လည်းကောင်း၊ သင်တန်းဆင်း အောက်လက်မှတ်များကို ပြည်နယ် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာကလည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူ (၈)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလအတွင်း သင်တန်းသူများ စားသောက်ရေးအဆင်ပြေစေရေး၊ သင်တန်းပြီးဆုံးသွားပါက ရက်ကန်းရက်လုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက် ချည်မျှင် (၁၀) ပေါင်စီနှင့်နှင့် ရက်ကန်းစင်တစ်ခုစီ ထောက်ပံ့ပေးနိုင်ရေး အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)