နေပြည်တော်  ၃၀  ဒီဇင်ဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူငယ်ရေးရာကော်မတီက ဦးဆောင်ပြုလုပ်သည့် မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ အပေါ် အခြေခံပြီးရေးဆွဲထားသော မဟာဗျူဟာစီမံချက်မူကြမ်း မိတ်ဆက်ခြင်းနှင့် လူငယ်နှင့် အနာဂတ်ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို  ယနေ့ နံနက် ၉ နာရီခွဲတွင် ပျဉ်းမနားမြို့နယ်၊ ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းက အမှာစကားပြောကြားပြီး နေပြည်တော်လူငယ်ရေးရာ အတွင်းရေးမှူး ဦးဝေယံထွန်းမှ လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ လူငယ်များအတွက် လူငယ်မူဝါဒ ပေါ်ပေါက်လာပုံကို သိရှိရန်၊ အနာဂတ်လူငယ်တွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ခွန်းအားတွေဖြစ်စေမယ့် အသိပညာဗဟုသုတများ ရရှိစေရန်နှင့် သိရှိလို သည်များကို မေးမြန်တက်စေရန် ရည်ရွယ်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ၊ ပြည်ထောင်စုကိုယ်စားလှယ်  ဦးအောင်ကိုကိုက  ‘‘လူငယ်ရေးရာ မဟာဗျူဟာစီမံချက်မူကြမ်း ရေးဆွဲရာတွင် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Woman Empowerment & Gender Equality Mandalar Spectrum Coordinater ဒေါ်သက်သက်နွယ်မှ ‘‘အမျိုးသမီးများ၏ကဏ္ဍ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုကျောင်းသားလူငယ်ထု ဆက်သွယ်ရေးသံတမာန် ဦးချစ်ချောက “လူငယ်တွေကို ခြိမ်းခြောက်နေတဲ့ မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်မှ “လူငယ်နှင့်အနာဂတ် လူငယ်မူဝါဒ၏ ရည်ရွယ်ချက်” ခေါင်းစဉ်နှင့် နေပြည်တော် လူငယ်ရေးရာကော်မတီ၊ ပြည်ထောင်စုကိုယ်စားလှယ် ဦးမျိုးသူစိုးမှ နေပြည်တော် လူငယ်ရေးရာကော်မတီ၏ ဆောင်ရွက်ချက်များအကြောင်းကို အသီးသီး ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာသည့် လူငယ်များက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်း ဖြေကြားပေးသည်။

အဆိုပါ အခမ်းအနားသို့ နေပြည်တော်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့များနှင့် ဒေသခံလူငယ်များ တက်‌‌ရောက်ကြကြောင်း သိရသည်။

မင်းမင်းလတ်(မန်းတက္ကသိုလ်)