၃၀ ဒီဇင်ဘာ

 

မြန်မာ့ဘောလုံး ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရင်းအမြစ်ဖြစ်သည့် အခြေခံပညာ ကျောင်းများရှိ ကျောင်းသူ/ကျောင်းသားများ ဘောလုံး အားကစားကို ပိုမိုကစားခွင့် ရရှိရေးနှင့် FIFA Football for School Program စနစ်တကျ စတင်အကောင်အထည် ဖော်ရေးတို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)တို့ ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကို ဒီဇင်ဘာ ၂၈ ရက် နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံ့ အားကစားကဏ္ဏ အဆင့်အတန်း မြင့်မားလာရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အခြေခံပညာကျောင်းများတွင် ကာယအချိန်များ ပိုမိုထားရှိရန်၊ MFF နှင့်  နှစ်စဉ် ပူးပေါင်းကျင်းပလျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၂၊ ယူ-၁၄ ပြိုင်ပွဲများအား ‌မြို့နယ်တိုင်းပါဝင်နိုင်ရန် အတွက်လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုးပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား ကျောင်းသူများ  ဘောလုံးကစားခွင့် ပိုမိုရရှိစေမည့်  Football for School Program အား ရှင်းလင်းတင်ပြ ခဲ့ပြီး အစီအစဉ် အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေးအတွက်  ဝန်ကြီးဌာနနှစ်ခု၏ ဦးဆောင်မှုအတိုင်း MFF အနေဖြင့် စနစ်တကျ အကောင်အထည်ဖော်  ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဖီဖာနှင့် နိုင်ငံတကာမှ ကျင့်သုံးလျက်ရှိသည့် Youth Football Development Program များအတိုင်း ကျောင်းများတွင် ကာယအချိန်များ စနစ်တကျ ထားရှိအသုံးချ၍ အခြေခံ ဘောလုံးနည်းပညာများ ပို့ချပေးခြင်းနှင့် ပြိုင်ပွဲများ ကျင်းပစေခြင်း၊ ဘောလုံး အားကစားကို အခြေခံ၍ လူငယ်များ မူးယစ်နှင့်ကင်းဝေးစေပြီး ကာယစိတ္တ ဖွံ့ဖြိုးစေရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လည်း တင်ပြဆွေးနွေးခဲ့သည်။

 

ယင်းနောက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ကလည်း ကျောင်းသား ကျောင်းသူများ ဘောလုံးအားကစား ပိုမိုလိုက်စားလာစေရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီ သွားမည်ဖြစ်ကြောင်း၊ FIFA Football for School Program အတွက် အစီရင်ခံ တင်ပြချက်များအတိုင်း ဝန်ကြီးဌာနများနှင့် MFF တို့ပူးပေါင်း၍ ‌နိုင်ငံနှင့်တဝန်း ကျယ်ပြန့်စွာ အကောင်အထည်ဖော် လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြပြီး အခြားလိုအပ်သည်များအား ဖြည့်စွက်ဆွေး‌နွေးခဲ့ကြသည်။

 

အစည်းအဝေးတွင် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေး၊ လူငယ်ပြိုင်ပွဲများ ပိုမိုကျင်းပရေး၊ ဒိုင်နှင့် နည်းပြသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရေး၊ ကစားကွင်းများ ဖော်ထုတ်နိုင်ရေး စသည့်ကဏ္ဏများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

 

သတင်း-ဖိုးသော်ဇင်

ဓာတ်ပုံ-MFF