(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုဆောင်းပါး
မိုးကေနိုင်
လွတ်လပ်မှုဟူသည် တစ်ပါးသူတစ်ဦးထံမှ အမှီအခိုကင်းမှု၊ အခြားနိုင်ငံတစ်ခု၏ လွှမ်းမိုးခံရခြင်း မရှိမှုတစ်ခု ပင်ဖြစ်သည်။ ယနေ့ခေတ်လူငယ်တို့အနေဖြင့် တစ်ပါးကျွန်လက်အောက်၊ ကျွန်သပေါက်ဖြစ်ခဲ့ရသည့် ယခင်ခေတ် အခါက မြန်မာပြည်သူများလောက် ဆိုးရွားသော ခံစားမရမှု၊ နာကြည်းခံပြင်းမှုမျိုးရှိနိုင်မည် မထင်သော်လည်း ငါတို့ဘိုးဘွားတွေ တစ်ပါးသူလက်အောက်ခံဘဝဖြင့် ဒီလိုဖြစ်ခဲ့သည်။ ဒီလိုခံစားခဲ့ကြရသည် ဆိုသည်ကိုတော့ နားလည်ပေး၊ စာနာပေးနိုင်ဖို့တော့ ကြိုးစားကြရပါလိမ့်မည်။
လွတ်လပ်မှုနှင့် အချုပ်အခြာဟူသည်
ယနေ့ ကမ္ဘာ့နိုင်ငံရေးအခြေအနေအချို့ကို လေ့လာလျှင် အချို့နိုင်ငံများသည် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံဖြစ်ဖို့ အတော်ရုန်းကန် ကြိုးစားနေကြရသည်ကို တွေ့မြင်နိုင်သည်။ နိုင်ငံကြီးများ၏ အစောင့်အရှောက်ခံနေ ရပြီး အကာအကွယ်ပေးထားခြင်းခံရသော နိုင်ငံများစွာကို တွေ့မြင်နိုင်သည်။ အများအားဖြင့် နိုင်ငံငယ်လေးများ ဖြစ်သည်။ နိုင်ငံငယ်များအနေဖြင့် နိုင်ငံကြီးများနှင့် သဘောတူညီချက်ရယူထားပြီးမှ ယင်းနိုင်ငံကြီးများ၏ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေးရာအောက်တွင် အစောင့်အရှောက်ခံနေရသော၊ မှီခိုနေရသော အခြေအနေတွင် အချို့ရှိနေသည်။
သို့ဖြစ်၍ အချုပ်အခြာအာဏာဟု ဆိုသည်နှင့် အပြည့်အဝအချုပ်အခြာအာဏာ ရရှိပိုင်ဆိုင်မှုမျိုးမဟုတ်ပါက မိမိ၏ လွတ်လပ်ရေး တစ်ပိုင်းတစ်စဆုံးရှုံးနေသည့် သဘောသက်ရောက်နေသည်နှင့် အတူတူပင်ဖြစ်သည် ဟုဆိုနိုင်ပါသည်။ နိုင်ငံတစ်ခုသည် ပြည်ပနိုင်ငံတစ်ခု အပေါ်မှီခိုနေရပြီ၊ လွှမ်းမိုးခံနေရပြီဆိုလျှင်တော့ ပြည်ပအချုပ်အခြာအာဏာ သက်ရောက်မှုဆုံးရှုံးနေသလို မိမိပြည်တွင်းတွင်လည်း အကြမ်းဖက်မှုများ၊ စစ်မက်ရေးရာများဖြင့် ဖိစီးမှုများကြောင့် အစိုးရ၏ဩဇာအာဏာ သက်ရောက်မှု၊ တရားဥပဒေစိုးမိုးမှုသည် ဒေသအစိတ်အပိုင်းအချို့တွင် ကင်းမဲ့နေပြီဆိုလျှင် ပြည်တွင်းအချုပ် အခြာအာဏာဆုံးရှုံးမှုတစ်ခုဖြစ်ပေါ်နေပြီဟု ဆိုနိုင်ပါသည်။
မိမိနိုင်ငံ၊ မိမိအစိုးရ၊ တိကျသောနယ်နိမိတ် သတ်မှတ်မှုနှင့် လူဦးရေ၊ အခြားဘယ်နိုင်ငံနှင့်မဆို လွတ်လပ်စွာ ဆက်ဆံနိုင်သော အခြေအနေများ စသည့် အင်္ဂါရပ်များရှိနေခြင်းကသာ အပြည့်အဝလွတ်လပ်သော၊ အကြွင်းမဲ့ အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်နိုင်ငံဟု ဆိုထိုက်ပါသည်။ မိမိတို့ တိုင်းရင်းသားပြည်သူများ အနေဖြင့် အခြားမည်သည့်နိုင်ငံကိုမှ မှီခိုမနေရဘဲ၊ လွှမ်းမိုးမခံရဘဲ၊ အစောင့်အရှောက်ခံအဖြစ် မခံယူရဘဲ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်သော၊ ကိုယ့်ခြေထောက် ကိုယ်ရပ်တည်နိုင်သော၊ လွတ်လပ်သော လူမျိုးများအဖြစ် ထာဝရရပ်တည် နိုင်အောင် သတိပြုကာ ဉာဏ်အမြော်အမြင်ဖြင့် အမြဲကြိုးစားအားထုတ်နေရမည်သာ ဖြစ်ပါသည်။
လွတ်လပ်ရေး ဆုံးရှုံးနိုင်ခြေအင်္ဂါရပ်များ
နိုင်ငံတစ်နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုပျက်ပြားခြင်း၊ စီးပွားရေး ဆုတ်ယုတ်ကျဆင်းပြီး ဖွံ့ဖြိုးတိုးတက်မှု ကျဆင်းခြင်း၊ အချင်းချင်း စည်းလုံးညီညွတ်မှု မရှိခြင်း၊ စည်းကမ်းပျက်ပြားခြင်း၊ တန်ဖိုးရှိသော ရှေးဟောင်း ယဉ်ကျေးမှု သမိုင်းအမွေအနှစ်များ၊ အသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးခံရခြင်း၊ ဆင်ခြင်တုံတရား အမြော်အမြင်နှင့် ကြိုးစားအားထုတ်မှုမရှိခြင်း စသည့်အရာများကား လွတ်လပ်ရေးနှင့် ထိုက်တန်သော အခြေအနေများ ဆုံးရှုံးနေခြင်းပင် ဖြစ်ပါသည်။
မြန်မာပြည်သူများသည် အမှီအခိုကင်းကင်းဖြင့် လွတ်လွတ်လပ်လပ် နေထိုင်လိုကြသော လူမျိုးများဖြစ်သည်။ သို့သော် လူတစ်ယောက်၏ မွေးရာပါအခြေခံ အခွင့်အရေးများ စသည့် အသက်ရှင်သန်ခွင့်၊ သက်ဝင်ရာကို ယုံကြည် ကိုးကွယ်ခွင့်၊ ယုံကြည်ရာကို ဖော်ထုတ်ပြောဆိုခွင့်၊ လူလူချင်း တန်းတူညီမျှရှိခွင့် စသည်တို့ ကင်းမဲ့နေပြီဆိုလျှင် သို့မဟုတ် ဤကဲ့သို့အခွင့်အရေးများကို မဆုတ်ယုတ်အောင်၊ တိုးတက်အောင် ဆောင်ရွက်နိုင်သည့် ဉာဏ်အမြော်အမြင်များ ရှိမနေဘူးဆိုလျှင် လူတစ်ဦးချင်း၏ လွတ်လပ်ရေးဆုံးရှုံးရခြင်းပင်ဖြစ်သည်ကို သတိပြုသင့် ပါသည်။
သို့သော် တစ်ဦးချင်းစီ၏ အခြေခံအခွင့်အရေးများ လွတ်လပ်ခွင့်ဆိုရာတွင် မတူကွဲပြားသော လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ရာ နိုင်ငံအစုအဖွဲ့တစ်ခုအတွင်း အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ တန်ဖိုးထားမှု အင်္ဂါရပ် များနှင့်ဒွန်တွဲနေမှသာ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ တစ်နိုင်ငံချင်း၏ လွတ်လပ်ရေးသည်လည်း ထာဝရ တည်မြဲနိုင်မည် ဖြစ်ပါသည်။
ညီညွတ်ရေးသည် အဓိက
အထက်ပါအင်္ဂါရပ်များနှင့်အတူ အဓိကအကျဆုံး အရာတစ်ခုမှာ စည်းလုံးညီညွတ်ရေးပင် ဖြစ်သည်။ သွေးစည်း ညီညွတ်မှုကြောင့် လွတ်လပ်ရေးကို ရယူနိုင်ခဲ့သလို ညီညွတ်မှုမရှိခြင်းဆိုသောအချက်က ကျန်အင်္ဂါရပ်များအပေါ် လွှမ်းမိုးသွားပြီး မိမိနိုင်ငံအပေါ် အခြားအင်အားကြီးနိုင်ငံများက နှိမ့်ချဆက်ဆံခံရမည့်အရေး၊ ဝင်ရောက်စွက်ဖက် ခံရမည့်ဘေး၊ မတရားစော်ကားခံရမည့် အန္တရာယ်များစွာနှင့် မလွဲမသွေ ကြုံတွေ့ရင်ဆိုင်ရနိုင်ပါကြောင်း အစဉ်နိုးကြား သတိရှိနေဖို့ လိုအပ်လှပါသည်။
နိုင်ငံတစ်နိုင်ငံ ယိုယွင်းပျက်စီးမှု အကြောင်းတရားများနှင့် လွတ်လပ်ရေးဆုံးရှုံးနိုင်ခြေ
ထို့အပြင် နိုင်ငံတစ်နိုင်ငံရှိ နိုင်ငံသူ နိုင်ငံသားများစွာတွင် ရိုးသားဖြောင့်မတ်မှု၊ ကိုယ်ချင်းစာတရားများ ခေါင်းပါးမှုနှင့် ဗြဟ္မစိုရ်တရားများ ကင်းမဲ့မှုများ တိုးပွားလာပြီဆိုလျှင် တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာမှုအပိုင်းတွင် လည်း အားနည်းချက်များရှိလာမည်ဖြစ်ကာ ပြည်သူများအတွင်း တည်ငြိမ်မှုများ ပျက်ပြားလုံခြုံမှုကင်းမဲ့ပြီး ကြောက်ရွံ့စိုးရိမ်မှုများလည်း ဒွန်တွဲဖြစ်ပေါ်လာနိုင်သည်များကို မလွဲမသွေ တွေ့မြင်ရမည်ဖြစ်ပါသည်။
ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် မဏ္ဍိုင်များအကြား ဟန်ချက်ညီမျှအောင် ထိန်းသိမ်းထားရမည့်အခြေအနေတစ်ခု ယိမ်းယိုင်သွားလျှင်သော်လည်းကောင်း၊ ဒီမိုကရေစီ စံနှုန်းနှင့် ဒီမိုကရေစီ၏ ကောင်းမွန်သော သက်ရောက်မှုများ ယုတ်လျော့သွားလျှင်သော်လည်းကောင်း၊ ပြည်သူများအတွက် ဝန်ဆောင်မှုများတွင် လုပ်ဆောင်ပေးနိုင်စွမ်းများ လျော့ပါးလာပြီဆိုလျှင်သော်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်နှင့် နိုင်ငံတကာ အသိုက်အဝန်းတွင် ဝင်ဆံ့မှုမရှိတော့ဘူး ဆိုလျှင်သော်လည်းကောင်း ဤအချက်များသည် နိုင်ငံတစ်နိုင်ငံ အတွက် တွေ့ကြုံရင်ဆိုင်ရမည့် ယိုယွင်းပျက်ပြားမှုများပင် ဖြစ်ပါသည်။
ဤအခြေအနေတွင် နိုင်ငံသားများ၏ လွတ်လပ်ခွင့်များဆုံးရှုံးပြီး နိုင်ငံ၏ အချုပ်အခြာအာဏာကိုပါ ထိခိုက်လာ နိုင်ပါသည်။ ထို့အပြင် နိုင်ငံတစ်နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်မည့် များစွာသော အခြားအခြေအနေ များကိုလည်းထည့်သွင်းတွက်ချက်ရမှာ ဖြစ်ပါသည်။ နိုင်ငံအတွင်း စီးပွားရေးကျဆင်းမှုနှင့်အတူ ဆင်းရဲမှုများ များပြားလာပြီး ဆင်းရဲချမ်းသာ ကွာဟချက်မြင့်မားနေခြင်း၊ ပြည်တွင်းပဋိပက္ခများနှင့်အတူ ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်လည်း များပြားလာခြင်း၊ ဦးနှောက်ယိုစီးမှုများနှင့် ပြည်တွင်းတွင် နစ်နာမှု မကျေနပ်ချက်များ မြင့်မားနေခြင်း စသည့်အချက်များသည် နိုင်ငံတစ်နိုင်ငံ၏ ပျက်ယွင်းနိုင်မှုကို ဦးတည်နေခြင်းဖြစ်သည်ဟု ဆိုရပါမည်။
သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းနိုင်မှုသည် လွတ်လပ်မှုပင်ဖြစ်သည်
နိုင်ငံ၏အတိတ်သမိုင်း၊ တိုင်းရင်းသားလူမျိုးစုများ၏ သမိုင်းကြောင်းနှင့်အတူ တန်ဖိုးရှိလှသော ရှေးဟောင်း အမွေအနှစ်များကို အမျိုးသားရေးအမြင်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည်လည်း လွတ်လပ်ရေးကို ထိန်းသိမ်း စောင့်ရှောက်ခြင်းမည်ပေသည်။ နိုင်ငံတိုင်းသည် ကိုယ်ပိုင်အတိတ်သမိုင်း၊ ကိုယ်ပိုင်အမျိုးအမွေအနှစ် ရှိကြသလို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အသီးသီး၊ လူမျိုးစုအသီးသီးတွင်လည်း ကိုယ်ပိုင်အတိတ်သမိုင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အမွေအနှစ်များ အသီးသီးရှိကြသည်သာ ဖြစ်သည်။
သမိုင်းလည်း ပျောက်၊ ယဉ်ကျေးမှုလည်းပျောက်လျှင် လွတ်လပ်ရေးလည်း ဆုံးရှုံးရသည်နှင့် အတူတူပင် ဖြစ်သည်။ အပြည့်အဝ လွတ်လပ်မှလည်း မိမိတို့၏ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်၍ လွတ်လပ်မှုနှင့် ယဉ်ကျေးမှုသည်လည်း ဆက်စပ်နေပေ သည်။ ဤနေရာတွင် ပြည်သူတစ်ရပ်လုံးပါဝင်လာအောင် နှိုးဆွပေးနိုင်သော အမြော်အမြင်ကြီးမားသော ခေါင်းဆောင်များ၏ ဦးဆောင်မှုဉာဏ်အမြော်အမြင်နှင့် နိုင်ငံသားများ၏ ပညာ အရည်အသွေးများသည်လည်း အရေးပါလာ ပြန်ပါသည်။
နိုင်ငံတိုင်းလိုလိုသည် အချိန်ကာလတစ်ခုတွင် အထက်ပါအကြောင်းတရားများနှင့်အတူ ခက်ခဲသော အခြေအနေ များကို ဖြတ်သန်းရလေ့ရှိပါသည်။ အမှားကိုပြင်၊ အမှန်ကိုဆောင်ရွက်၊ အခွင့်အလမ်းကို ဆုပ်ကိုင်နိုင်မှသာ အခြေအနေကောင်းများကို ဖန်တီးနိုင်ပြီး တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးကို ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်မည်ဖြစ်ကာ လွတ်လပ်ရေးကိုလည်း ကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။
စိတ်သစ်လူသစ်ဖြင့် မင်္ဂလာရှိသော နှစ်သစ်တွင် နိုင်ငံသူ နိုင်ငံသားအားလုံး ကြိုးစားဝီရိယစိုက်ထုတ်မှု၊ တိုးတက် ဖွံ့ဖြိုးမှု အတွေးအမြင်များ၊ ပညာဉာဏ်များဖြင့် မိမိတို့၏ အချုပ်အခြာပိုင်မှုကြီးကို ဆက်လက်ကာကွယ် စောင့်ရှောက်ထိန်းသိမ်းနိုင်ပါစေ။ မရပ်မနားခရီးလမ်းတွင် နှစ်ဟောင်းမှ အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာယူ ထုတ်နုတ်သုံးသပ်၍ အနာဂတ်တွင် လွတ်လပ်ရေးအတွေးအမြင်များဖြင့် ငြိမ်းချမ်းရေးကို ပိုမိုတည်ဆောက်နိုင်ကြပါစေလို့ နှစ်သစ်ကူးတွင် ဆုမွန်ခြွေအပ်ပါသည်။ ။