ဒေါက်တာဝဏ္ဏထွန်း
ဗီတာမင်၊ သတ္တုဓာတ်နှင့် အာဟာရဓာတ်များစွာကြွယ်ဝသည့် ထောပတ်သီးကို မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အစရှိသည့် ကုန်းမြင့်ဒေသများ၌ စိုက်ပျိုးကြပါသည်။ ယခင်က ကျယ်ကျယ်ပြန့်ပြန့် စားသုံးလေ့မရှိ၍ စီးပွားဖြစ်စိုက်ပျိုးခြင်း နည်းပါးခဲ့သော်လည်း မြန်မာ့ထောပတ်သီးများမှာ နိုင်ငံတကာမှ လက်ခံနိုင်သည့် အရည်အသွေးပြည့်မီခြင်း၊ ဓာတုဆေးသုံးစွဲမှုနည်းပါး၍ ဓာတ်ကြွင်းအာနိသင် နည်းပါးခြင်း၊ နိုင်ငံတကာဈေးကွက်မှ စိတ်ဝင်စားမှုရှိလာခြင်း စသည့် အချက်များကြောင့် ပို့ကုန်အလားအလာရှိသည့် သီးနှံတစ်ခုအဖြစ် တိုးချဲ့စိုက်ပျိုးလာကြသည်။
ဈေးကောင်းရရှိရန်ခက်ခဲ
စားသုံးသူများအတွက် ရွေးချယ်စရာအလွန်များပြားသည့် ယနေ့သီးနှံဈေးကွက်တွင် ထောပတ်သီးအပါအဝင် မိမိတို့ ထုတ်လုပ်သည့်သီးနှံသည် အရည်အသွေးအာမခံချက်ရှိမှသာ အခြားသီးနှံများနှင့် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။ အရည်အသွေးဟုဆိုရာ၌ စားသုံးသူအား ဆွဲဆောင်နိုင်စွမ်းရှိသော အသွင်အပြင်ရှိ၍ စားသုံးရာ၌ အရသာ ကောင်းမွန်ခြင်း၊ အနံ့အရသာရှိခြင်း စသည့်အချက်များကို ဆိုလိုသည်။ ထို့ပြင်သီးနှံများ၌ ရောဂါပိုးမွှားကင်းစင်ခြင်း၊ ဘေးကင်းစိတ်ချရခြင်း၊ ဈေးသင့်တင့်ခြင်းအစရှိသော အရည်အသွေးများလည်း သီးနှံများ၌ ရှိသင့်သည်။ အဆိုပါ အရည်အသွေးများကို အဓိကလွှမ်းမိုးသော အချက်များမှာ မျိုးရွေးချယ်မှုမှန်ကန်ခြင်း၊ စိုက်ခင်းထဲတွင် စနစ်တကျ ပြုစုစောင့်ရှောက်ခြင်း၊ သီးနှံများရင့်မှည့်မှုရှိမှသာ ခူးဆွတ်ခြင်း၊ သင့်တော်သော နည်းလမ်းဖြင့် ခူးဆွတ်ခြင်းနှင့် ဂရုတစိုက်ကိုင်တွယ်ခြင်း စသည်တို့ ဖြစ်ကြပါသည်။ အထူးသဖြင့် သစ်သီးများအား ရင့်မှည့်မှုအပြည့်အဝ မရောက်ရှိမီ ခူးဆွတ်မိလျှင်ဖြစ်စေ၊ နောက်ကျ၍ ခူးဆွတ်မိလျှင်ဖြစ်စေ၊ စားသုံးသူများနှင့် ဈေးကွက်မှတောင်းဆို သည့် အရည်အသွေးကို ရရှိနိုင်မည်မဟုတ်သကဲ့သို့ သစ်သီးများခူးဆွတ်ပြီးနောက် ကြာရှည်အထားခံနိုင်မှု အပေါ်တွင်ပါ ဆိုးကျိုးသက်ရောက်မှုရှိမည် ဖြစ်သည်။ ဥပမာ ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရစေရန် ထောပတ်သီးအား ကောင်းစွာမရင့်ဘဲ ခူးဆွတ်ပါက ဆက်လက်၍ မရင့်မှည့်တော့ဘဲ အရည်အသွေးမပြည့်ဝသည့် အသီးများသာ ဈေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်၍ ဈေးကောင်းရရှိရန် ခက်ခဲပါလိမ့်မည်။
ထောပတ်သီးသည် ပန်းပွင့်တွင် အသီးစတည်သည့်နေ့မှ ရက်ပေါင်း (၁၇ဝ-၁၈၅) ခန့်တွင် အရွယ်ရောက် (ရင့်)လေ့ရှိပါသည်။ သို့ရာတွင် စိုက်ပျိုးသည့် ဒေသ၏ ရာသီဥတု၊ အမြင့်ပေ။ ထောပတ်ပင်တွင် ထည့်သွင်းသည့် အာဟာရနှင့် ထောပတ်သီးမျိုးအပေါ်မူတည်၍ အရွယ်ရောက်ချိန် ကွာခြားလေ့ရှိသည်။ ထောပတ်သီးသည် အပင်မှခူးဆွတ်ပြီးလျှင် ဆက်လက်အသက်ရှူ၍ ရင့်မှည့်ခြင်းဖြစ်စဉ်များဖြစ်ပွားသည့် အသီးအမျိုးအစားအုပ်စု (climacteric fruit) တွင် ပါဝင်၍ ခူးဆွတ်ပြီးနောက်ပိုင်းမှသာ အသီးခွံနှင့် အတွင်းသားအရောင်၊ အတွင်းသား အရသာ၊ အနံ့၊ နူးညံ့မှု၊ အဆီဓာတ်ပါဝင်မှုများ အဆင့်ဆင့်ပြောင်းလဲဖွံ့ဖြိုးလာခြင်း ဖြစ်သည်။ ထို့ကြောင့် ဇီဝကမ္မ ဖြစ်စဉ်အရ အရွယ်ရောက်ထားသော ထောပတ်သီးမှသာ ရင့်မှည့်နိုင်ပြီး ကောင်းမွန်သည့်အရသာနှင့် အနံ့၊ နူးညံ့၍ အမျှင်ကင်းစင်သည့်အတွင်းသားတို့ကို ပေးစွမ်းနိုင်မည် ဖြစ်သည်။ ဇီဝကမ္မအရ အရွယ်ရောက်ခြင်းဆိုသည်မှာ ထောပတ်သီးသည် ဖွံ့ဖြိုးကြီးထွားမှုကို အလုံးစုံရောက်ရှိပြီးနောက် ဆက်လက်ရင့်မှည့်နိုင်သည့် အခြေအနေကို ဆိုလိုသည်။ သစ်သီးအများစု၏ အရွယ်ရောက်ချိန်၊ တစ်နည်းအားဖြင့် ရင့်ချိန်ကိုခန့်မှန်းရသည်မှာ လွယ်ကူသော်လည်း ထောပတ်သီးသည် မခူးဆွတ်ဘဲ အပင်တွင်ဆက်လက်ထားရှိလျှင် မမှည့်တတ်သည့်သဘော ရှိသောကြောင့် အရွယ်ရောက်(ရင့်)ချိန်ကို သတိမထားမိနိုင်ဘဲ ခူးဆွတ်ချိန်မှားယွင်းတတ်သည်။ Whileyet al. (2013) ၏တွေ့ရှိချက်များအရ ထောပတ်သီးသည် အရွယ်ရောက်ခြင်းကို အလုံးစုံရရှိပြီးသော်လည်း မခူးဆွတ်မိလျှင် ကြွေကျခြင်းမရှိဘဲ ခြောက်လ သို့မဟုတ် ယင်းထက်ပို၍ အပင်ပေါ်တွင် ဆက်လက်ရှိနေနိုင်သည်။
ထောပတ်သီးအား အရွယ်မရောက်မီခူးဆွတ်မိပါက အထက်ပါရင့်မှည့်မှု၊ ဖြစ်စဉ်များ အပြည့်အဝဖြစ်ပေါ်ခြင်း မရှိတော့ဘဲ အသီးမှာ ပျော့ပျောင်းမှုရှိသော်ငြား (၁) ရေဓာတ်ဆုံးရှုံးရသောကြောင့် ရှုံ့တွသည်၊ (၂) အတွင်းသားရှိ ဆဲလ်နံရံများ ပျော်ကျနိုင်ခြင်း နည်းပါးသောကြောင့် မပျော့ပျောင်းဘဲ သားရေသားကဲ့သို့ မာဆတ်ဆတ် ဖြစ်သည်၊ (၃) ရောင်ခြည်ပစ္စည်းများ ဆက်လက်မစုစည်းနိုင်တော့ဘဲ အရောင်မညီမညာဖြစ်တတ်သည်၊ (၄) အတွင်းသားတွင် သကြား ဓာတ်အဖြစ်သို့ ပြောင်းလဲနိုင်မှုနည်းပါးပြီး အချိုပေါ့သွားသည်၊ (၅) ထောပတ်သီးတွင် ထူးထူးခြားခြား ပမာဏများစွာပါဝင်၍ အသီးမှည့်ရန် ထိန်းချုပ်သော wododalgowa c7 2009:qp: (mannoheptulose qệ perseitol) သည် မရင့်သောထောပတ်သီးတွင် ပါဝင်မှုနည်းသောကြောင့် အသီးဆက်လက်မှည့်ရန် မဆောင်ရွက်နိုင်တော့ပါ (Pedreschiet al. 2019)၊ (၆) လိုအပ်သည့် အနံ့ဖြစ်စေမည့် ဒြပ်ပေါင်းများဖွဲ့စည်းခြင်းသည် လျော့ကျသွားခြင်းကြောင့် ထောပတ်မျိုးအလိုက် ရှိရမည့်အနံ့အရသာ မရနိုင်တော့ပါ။
ကြာရှည်အထားခံ
ထို့ပြင် မရင့်မီခူးဆွတ်မိပါက ကြာရှည်အထားမခံနိုင်သည်ကိုလည်း တွေ့ရှိရပါသည်။ Dixon et al. (2003) ၏ တွေ့ရှိချက်များအရ သင့်လျော်သော ရင့်မှည့်မှုရှိသည့် ထောပတ်သီးသည် အသီးပုပ်ခြင်းနှင့် အအေးခန်း၌ သိုလှောင်စဉ်အတွင်း ရေခဲနာဖြစ်ပွားမှု အနည်းဆုံးဖြစ်၍ ကြာရှည်အထားခံပါသည်။ အသီးနု သို့မဟုတ် အမှည့်လွန် ထောပတ်သီးများသည် အဆိုပါအချက်များအား ခံနိုင်ရည်နည်းပါး၍ အထားမခံကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့် ထောပတ်သီးအား စားသုံးသူများ ကြိုက်နှစ်သက်သည့် အရည် အသွေးရရှိရန်အတွက် အသီးနုများအား မခူးဆွတ်သင့်ပါ။ အလားတူစွာ ခူးဆွတ်ချိန် အလွန်နောက်ကျလျှင် အပင်ပေါ်ရှိအသီးများသည် အပင်အတွက် ဝန်ဖြစ်စေ ၍၎င်းဖြစ်စဉ်သည် လာမည့်နှစ်အတွင်း ပန်းခိုင်ထွက်ရှိမှုနှင့် အသီးတင်မှုအပေါ် အကျိုးသက်ရောက်မှုရှိပြီး အသီးအထွက်နှုန်းကျဆင်းတတ်သည်။
ထောပတ်သီးရင့်မှည့်မှုအား လွယ်ကူစွာစမ်းသပ်နိုင်သည့် ကမ္ဘာတစ်ဝန်းမှ လက်ခံထားသော နည်းလမ်းတစ်ခုမှာ ထောပတ်သီးအတွင်းသား၏ Dry Matter ရာခိုင်နှုန်းကို ဆန်းစစ်ခြင်းဖြင့် အသီးရင့်မှည့်မှုကို ဆုံးဖြတ်ခြင်းဖြစ်သည်။ အဆိုပါနည်းမှာ အကြမ်းဖျင်းအနေဖြင့် ထောပတ်သီးအတွင်းသားသက်သက် အနည်းဆုံး ၁၀၀ ဂရမ်ခန့်၏ အစိုအလေးချိန်နှင့် (မီးဖို/ မိုက်ကရိုဝေ့ဖြင့် အခြောက်ခံပြီး) အခြောက်အလေးချိန်ကို ခြင်တွယ်ပါ။ ထို့နောက် အတွင်းသား အခြောက်အလေးချိန်ကို အစိုအလေးချိန်နှင့်စား၍ ၁၀၀ ဖြင့်မြှောက်ပြီး Dry Matter ရာခိုင်နှုန်းကို တွက်ချက်ရခြင်း ဖြစ်သည်။
ဥပမာ
ထောပတ်သီးအတွင်းသားအစုံအလေးချိန် ၁၂၅ ဂရမ်
ထောပတ်သီးအတွင်းသားအခြောက်ခံပြီးအလေးချိန် ၃၀ ဂရမ်
Dry Matter ရာခိုင်နှုန်း (၃၀/၁၂၅) x ၁၀၀ = ၂၄ %
ယေဘုယျအနေဖြင့် Dry Matter ၂၃ ရာခိုင်နှုန်းရောက်ရှိပြီးမှသာ ရင့်မှည့်သည်ဟု သတ်မှတ်နိုင်ပြီး ထောပတ်သီးများ ကို ခူးဆွတ်သင့်သည်။
ထောပတ်သီး ရင့်၊ မရင့်ဆုံးဖြတ်ရန် အခြားနည်းလမ်းများစွာ ရှိပါသည်။ လွယ်ကူသောနည်းလမ်းအချို့မှာ မျက်မြင် အနေအထားဖြင့် ဆုံးဖြတ်ရခြင်း ဖြစ်သည်။ သို့သော် ထောပတ်မျိုးအပေါ်မူတည်၍ ခြားနားချက်အနည်းငယ် ရှိနိုင်ပါသည်။ ၎င်းတို့မှာ-
- အသီးရင့်လာလျှင် သီးညှာသည်ပို၍ တုတ်လာမည်၊ ဖောင်းလာမည်။သိသိသာသာ အဝါရောင်ပြောင်းလာမည်။
- အသီးအားခွဲကြည့်လျှင် အစေ့ခွံသည် အဖြူရောင်ဖြစ်နေရာမှ ခြောက်ကပ်လာမည်၊ မည်းလာမည်၊ အနည်းငယ်ရှုံ့လာမည်။
- အသီးကြီးထွားလာမည်။
- အသီးခွံသည် တောက်တောက်ပပမရှိတော့ပါ၊ အရောင်မပြောဘဲမှိုင်းလာမည် (အခွံပါးသည့်မျိုးများတွင် ယခုကဲ့သို့ ပြောင်းလဲမှုမရှိပါ)။
- 'Hass" မျိုးတွင် အသီးခွံသည် ခရမ်းရောင်သို့ ပြောင်းလဲလာမည်။
အဆိုပါသတ်မှတ်ချက်များသည် ထောပတ်သီး၏ မျက်မြင်အခြေအနေကိုသာကြည့်၍ ဆုံးဖြတ်ရသောကြောင့် ကွဲပြားမှုရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ အရည်အသွေးပြည့်မီသော ထောပတ်သီးများအား ရောင်းချတင်ပို့မှသာ ရေရှည်တည်တံ့၍ ခိုင်မာသည့် ဈေးကွက် ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အရည်အသွေးကောင်းမွန်၍ မိမိတို့ ဒေသနှင့်ကိုက်ညီသည့် ထောပတ်မျိုးများကို ရွေးချယ်ရန် လိုအပ်သကဲ့သို့ မှန်ကန်သည့် စိုက်ပျိုးနည်းစနစ်များကို ထောပတ်သီးထုတ်လုပ်မှု တိုးမြှင့်ရေးအတွက်သာမက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ပါ စနစ်တကျလိုက်နာသင့်ပါသည်။ ထိုကဲ့သို့ စနစ်တကျ ပြုစုစောင့်ရှောက်ပြီးခါမှ ထောပတ်သီးများ အရည်အသွေး မကျဆင်းစေရန်အတွက် ရင့်မှည့်ချိန်ရောက်ရှိမှသာ ထောပတ်သီးများကို ခူးဆွတ်ခြင်းဖြင့် နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည့် ပထမတန်းစားထောပတ်သီးများကို ထုတ်လုပ်နိုင်မည် ဖြစ်ပါသည်။ ။
ကိုးကား။ ။ Dixon, J., Pak, H.A., Smith, D.B., Elmsly, T.A., Cutting, J.G.M. (2003). New Zealand avocado fruit quality: the impact of storage temperature and maturity. Proceedings of the World Avocado Congress 2:647-652 Pedreschi, R., Uarrota, V., Fuentealba, C., Alvaro, J.E., Olmedo, P., Defilippi, B.G., Meneses, M., and CamposVargas, R. (2019).Primary Metabolism in Avocado Fruit. Front. Plant Sci., 26 June 2019. http://doi.org/10.3389/ fpls.2019.00795 Whiley, A.W., Wolstenholme, B.N., Faber, B.A. (2013). Crop Management, In: Schaffer, B., Wolstenholme, B.N., Whiley, A.W. (Eds.), The Avocado: Botany, Production and Uses, CAB International, Wallingford, UK, pp. 343379.