အခုနောက်ပိုင်းမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အိုင်အိုဒင်းဓာတ်ကို ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ ဆားကနေတဆင့် အလွယ်တကူရရှိလာနိုင်ပြီပဲဖြစ်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဆားက မဖြစ်မနေပါဝင်တဲ့ အရာဖြစ်တာကြောင့် ဆားထဲမှာ အိုင်အိုဒင်းထည့်သွင်းထုတ်လုပ်လိုက်မှုက ခန္ဓာကိုယ်အတွက် လိုအပ်မယ့် အိုင်အိုဒင်းဓာတ်ကို ဖြည့်တင်းပေးပြီးသား ဖြစ်သွားပါတယ်။ ဒီဆောင်းပါးထဲမှာတော့ အိုင်အိုဒင်းဆားက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာနဲ့ စားသုံးဖို့သင့်တော်ရဲ့လားဆိုတာကို ရှင်းပြပေးမယ်နော်။

 

အိုင်အိုဒင်းရဲ့ အရေးပါပုံ

 

အိုင်အိုဒင်းက အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးပါ။

 

အိုင်အိုဒင်းကို များသောအားဖြင့် ပင်လယ်စာတွေ၊ နို့ထွက်ပစ္စည်းတွေ၊ ကောက်နှံစပါးတွေ နဲ့ ဥအမျိုးမျိုးမှာတွေ့ရှိရ ပါတယ်။

 

နိုင်ငံတော်တော်များများမှာ အိုင်အိုဒင်းချို့တဲ့မှုပြဿနာကို ကင်းဝေဒစေဖို့ ဆားထဲမှာ အိုင်အိုဒင်း ဓာတ်ထည့်သွင်း ထုတ်လုပ်ထားပါတယ်။

 

အိုင်အိုဒင်းက သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်လုပ်စေဖို့ လုပ်ဆောင် ပေးပါတယ်။ သိုင်းရွိက်ဟော်မုန်းတွေက တစ်ရှုးတွေပြုပြင်တာ၊ ဇီဝတွင်းဖြစ်စဉ်တွေကို ထိန်းညှိတာနဲ့ ကြီးထွားဖွံ့ဖြိုးမှုတိုးတက် စေဖို့အတွက် အထောက်အကူပြုပေးပါတယ်။

သိုင်းရွိုက်ဟော်မုန်းက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိတာ၊ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းတွေ ထိန်းညှိမှုကို တိုက်ရိုက်ဆိုသလို အထောက်အပံ့ပေးနေတာပါ။

 

ခန္ဓာကိုယ်ကျန်းမာစေဖို့လည်း အိုင်အိုဒင်းက အထောက်အပံ့ပေးပါတယ်။

 

ရင်သားမှာကင်ဆာမဟုတ်တဲ့ အဖုအကျိတ်တွေဖြစ်မလာအောင်လည်း ကာကွယ် တားဆီးပေးပါတယ်။

 

ကိုယ်ခံအားကောင်းမွန်စေနိုင်ပါတယ်။

 

ခန္ဓာကိုယ်မှာ အိုင်အိုဒင်းချို့တဲ့မှု

 

လူတော်တော်များများက အိုင်အိုဒင်းချို့တဲ့မှုကို ခံစားကြရပါတယ်။

 

နိုင်ငံပေါင်း ၁၁၈ နိုင်ငံမှာ အိုင်အိုဒင်းချို့တဲ့မှုက ကျန်းမာရေး ပြဿနာကြီး တစ်ရပ်လိုတောင်ဖြစ်နေတာပါ။

 

ကမ္ဘာ့လူဦးရေရဲ့ ၁.၅ ဘီလျံက အိုင်အိုဒင်းချို့တဲ့မှုကိုခံစားနေကြရပါတယ်။

 

အိုင်အိုဒင်းဆား မစားသုံးတဲ့နေရာတွေ၊ အိုင်အိုဒင်းရှားပါးတဲ့နေရာတွေမှာ အိုင်အိုဒင်းချို့တဲ့မှု ခံစားနေကြရပါတယ်။

အရှေ့အလယ်ပိုင်းဒေသကလူဦးရေ သုံးပုံတစ်ပုံဟာ အိုင်အိုဒင်းချို့တဲ့မှုကို ခံစားနေကြရတာပါ။

 

အာဖရိက၊ အာရှ၊ လက်တင်အမေရိကနဲ့ ဥရောပနိုင်ငံတွေမှာလည်း အိုင်အိုဒင်းချို့တဲ့မှုကို ခံစားနေရတာပါ။

 

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေက အိုင်အိုဒင်းချို့တဲ့နိုင်ခြေများတဲ့သူတွေဖြစ်ပြီး အိုင်အိုဒင်းများများစားသုံးပေးဖို့လိုပါမယ်။

 

သတ်သတ်လွတ်စားတဲ့သူတွေက အိုင်အိုဒင်းချို့တဲ့နိုင်ခြေပိုများပါတယ်။

 

အိုင်အိုဒင်းချို့တဲ့နေတယ်ဆိုတာကို သိနိုင်မယ့် လက္ခဏာများ

 

အိုင်အိုဒင်းချို့တဲ့မှုက ကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေကိုခံစားရနိုင်ပါတယ်။

 

          လည်ပင်းကြီးရောဂါလို့ခေါ်တဲ့ လည်ပင်းကပုံမှန်ထက်ပိုကြီးလာတာကို ခံစားရနိုင်ပါတယ်။

 

          သိုင်းရွိုက်ဂလင်းပြဿနာခံစားရနိုင်ပါတယ်။

 

          သိုင်းရွိုက်ဟော်မုန်းထွက်ရှိမှု နည်းသွားတာကြောင့် ဆဲလ်တွေ ကျန်းမာမှု အားနည်း သွားနိုင်ပါတယ်။

 

          ကြီးထွားဖွံ့ဖြိုးမှုထိခိုက်နိုင်ပါတယ်။

 

          ဆံပင်ကျွတ်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ ကိုယ်အလေးချိန်တိုးလာတာ၊ အသားအရေ ခြောက်သွေ့တာ၊ အအေးမိဖျားနာလွယ်တာ၊ အအေးဒဏ်မခံနိုင်တာမျိုးတွေခံစားရနိုင်ပါတယ်။

 

          ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေမှာ အိုင်အိုဒင်းချို့တဲ့မယ်ဆိုရင် ကလေးငယ်မှာ ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်တာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေဖြစ်နိုင်ပါတယ်။

 

          ကိုယ်ဝန်ဆောင်ချိန်မှာ အိုင်အိုဒင်းချို့တဲ့မယ်ဆိုရင် ကိုယ်ဝန်ပျက်ကျတာမျိုးဖြစ်နိုင်ပါတယ်။

 

အိုင်အိုဒင်းချို့တဲ့မှုကို ကာကွယ်ခြင်း

 

အိုင်အိုဒင်းချို့တဲ့မှုကို ကာကွယ်ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းက အိုင်အိုဒင်းဆားစားသုံးတာပါ။ တစ်နေ့ကို အိုင်အိုဒင်းဆား လက်ဖက်ရည်ဇွန်းတစ်ဝက်စာ စားသုံးမိအောင်ဂရုပြုပေးပါ။ အိုင်အိုဒင်းဆားက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓာတ်တွေကို ဖြည့်တင်းပေးနိုင်မှာပါ။

 

အိုင်အိုဒင်းဆားက စိတ်ချရရဲ့လား

 

လေ့လာမှုတွေအရ အိုင်အိုဒင်းက လိုအပ်တဲ့ ဓာတ်တစ်မျိုးဆိုပေမယ့် လိုအပ်တဲ့ ပမာဏထက်ကျော်လွန် စားသုံးမယ်ဆိုရင်တော့ သိုင်းရွိုက်ပြဿနာတွေခံစားရနိုင်ပါတယ်။ သိုင်းရွိုက်က ကောင်းကောင်း အလုပ်မလုပ် တော့တာမျိုးပါ။ ကိုယ်ဝန်ဆောင်မိခင်တွေ၊ မွေးကင်းစအရွယ်ကလေးငယ်တွေ၊ နို့တိုက်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ သိုင်းရွိုက်ပြဿနာရှိသူတွေအနေနဲ့ အိုင်အိုဒင်းကို လျှော့စားသင့်ပါတယ်။

အိုင်အိုဒင်းဆားက လိုတာထက်ပိုစားသုံးမယ်ဆိုရင် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ခန္ဓာကိုယ်မှာ ထိခိုက်မှု တွေရှိလာနိုင်ပါတယ်။

 

အိုင်အိုဒင်းရရှိနိုင်တဲ့ အစားအစာတွေ

 

အိုင်အိုဒင်းဆားကတင်မဟုတ်ပါဘူး။ ဒီအစားအစာတွေကနေလည်း အိုင်အိုဒင်းဓာတ်ရရှိနိုင်ပါတယ်။

 

ရေညှိ

ဒိန်ချဉ်

နွားနို့

ပုဇွန်

ဥအမျိုးမျိုး

တူနာငါး

အသီးခြောက်

 

ဒါကြောင့်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အိုင်အိုဒင်းကို လုံလောက်မျှတအောင်စားသုံးပေးပြီး ကျန်းမာရေးကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်လိုက်ပါ။

 

ရေးသားသူ Aye Thi Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်