ဘုတလင် ၃၁ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကြားဖြတ်သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး၊ မဟာဗန္ဓုလ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်မိုးလွင်က အမှာစကား ပြောကြားပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးတင်လှကြည်က ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းကောက်အဖွဲ့ဝင်(၇)ဦးဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲကာ ဇန်နဝါရီလ (၂)ရက်မှ (၁၅)ရက်အထိ (၁၄) ရက်ကြာ ကွင်းဆင်းကောက်ယူမည် ဖြစ်ပါကြောင်း၊ ကောက်ကွက် စာရင်းဝင် ကျေးရွာ(၁၁)ရွာမှ သတ်မှတ်အိမ်ထောင်စု(၃၅)စုစီရှိ အိမ်ထောင်စုဝင်အားလုံးကို အချက်အလက်ပေါင်း(၁၁၀) ပါဝင်သည့် မေးခွန်းများကို ကောက်ယူမည် ဖြစ်ပါကြောင်း ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူမည့် စာရင်းကောက်အဖွဲ့ဝင်များက မြေပြင် ကွင်းဆင်း ကောက်ယူရာတွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲများကို ရှင်းလင်းဆွေးနွေးကြရာ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက အကြံပြုဆွေးနွေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးတင်လှကြည်၊ မြို့နယ် သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေး များနှင့် စာရင်းကောက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)