အမရပူရ ၃၁ ဒီဇင်ဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံပထမအကြိမ်မြောက် ချည်မျှင်နှင့် အထည်အလိပ် ဒီပလိုမာ ကျောင်းဆင်းလက်ရာပြပွဲနှင့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲ၊ ပြပွဲနှင့် ဈေးရောင်း ပွဲတော်ကို ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တွင် စစ်ကိုင်း-မန္တလေးသွား ကားလမ်းအရှေ့ဘက် အမရပူရမြို့ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကျောင်း၌ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

 

ရက်ကန်းပညာရှင်များ၏ ဆန်းသစ်တီထွင်နိုင်မှုကို ဖော်ထုတ်ရန်၊ ရက်ကန်းပညာရပ်များ ပြန့်ပွားစေရန်၊ ရက်ကန်းကျောင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ရက်ကန်းလုပ်ငန်းများ တိမ်ကောပပျောက်မှု မရှိစေရန်နှင့် စဉ်ဆက်မပြတ် အောင်မြင်လာစေရန်၊ အထည်ဒီဇိုင်း တီထွင်ဖန်တီးမှုများကို ပိုမိုအားပေးမြှင့်တင်နိုင်စေရန်၊ ကိုယ်ပိုင်ဖန်တီးထားသည့် ဒီဇိုင်းများကို တန်ဖိုးထားတတ်စေရန်၊ ဒီဇိုင်းမူပိုင်ခွင့်ဖြစ်လာစေရေး အားပေးကူညီရန်၊ ရက်ကန်းပညာရှင်များ၊ ကျောင်းဆင်းများ၊ လုပ်ငန်း ရှင်များ၏ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် နှစ်ရက်တိုင် ကျင်းပသွားမည်ဖြစ်သည်။

 

ပထမနေ့တွင် ဖွင့်ပွဲအခမ်းအနားနှင့် ဒီပလိုမာကျောင်းဆင်း လက်ရာပြပွဲနှင့် ပြိုင်ပွဲ၊ ကျောင်း ဆင်းလက်ရာ ဖက်ရှင်ပြပွဲကျင်းပခြင်း၊ အထည်အလိပ်လုပ်ငန်းဆိုင်ရာ ထုတ်ကုန်ပြပွဲ ဖွင့်လှစ်ခြင်းများ ပြုလုပ်ပြီး ဒုတိယနေ့တွင် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းနှင့် ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ဆွေးနွေးပွဲ၊ ရက်ကန်းပညာရှင်များ၏လက်ရာ ဖက်ရှင်ပြပွဲ၊ ရက်ကန်း ကျောင်းပေါင်းစုံမှ ကျောင်းဆင်းလက်ရာ ပြပွဲ၊ ပြိုင်ပွဲ၊ ရက်ကန်းလုပ်ငန်းများ၏ ထုတ်ကုန်လက်ရာ ဖက်ရှင်ပြပွဲ ကျင်းပသွားမည်ဖြစ်သည်။

 

ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းနှင့် ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ SSID မှ ထုတ်လုပ်သော စားသောက်ကုန်၊ လူသုံးကုန် အလှကုန်ပစ္စည်းများ မိတ်ဆက်ပြသ ရောင်းချခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရိုးရာရက်ကန်းထုတ်ကုန်များ ပြသရောင်းချခြင်း စသည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

အောင်စံမောင်