မြိတ် ၃၁  ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့အတွင်း လူစည်ကားရာ နေရာများရှိ မီးပွိုင့်နေရာ ၁၄ ခုတွင် မြို့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုစေရန်အတွက် CCTV ကင်မရာများ တိုးမြှင့်တပ်ဆင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်တပ်ဆင်နေပြီဖြစ်ကြောင်းနှင့် တစ်လအတွင်း အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

 

အဆိုပါမီးပွိုင့် ၁၄ နေရာတွင် CCTV ကင်မရာများ တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၉- ၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးဘတ်ဂျက်၊ ပထမသုံးလပတ်တွင် ပါဝင်သည့် ငွေလုံး/ ငွေရင်းမှ ငွေကျပ်(၂၆ ဒသမ ၇၄)သန်းဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

 

ယခင်က မီးပွိုင့်တချို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးအတွက် တပ်ဆင် အသုံးပြုခဲ့ရာမှ ယခုအခါ မြို့၏လုံခြုံရေးအတွက် တိုးမြှင့်တပ်ဆင်ခြင်းဖြစ်သည်။ ထို့အပြင် ပုဂ္ဂလိကဈေးဆိုင် တချို့တွင်လည်း မိမိတို့ဆိုင်လုံခြုံရေးအတွက် ကိုယ်တိုင်တပ်ဆင် အသုံးပြုလျက်ရှိကာ၊ ဘဏ်များ၊ ကုမ္ပဏီများ၊ ရွှေဆိုင်များ၊ စတိုးဆိုင်၊ လူနေအိမ်တချို့တွင်လည်း မိမိတို့အစီအစဉ်ဖြင့် CCTV ကင်မရာများကို တပ်ဆင်အသုံးပြုလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ CCTV ကင်မရာများ တပ်ဆင်ခြင်းဖြင့် မြို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုရေးအတွက် များစွာအရေးပါရုံသာမက မှုခင်းများဖော်ထုတ်ရာတွင်လည်း များစွာအထောက်အကူပြုနိုင်မည် ဖြစ်သည်။

 

မြို့ပေါ်လမ်းဆုံ၊ လမ်းခွများနှင့် လူစည်းကားရာ အထင်ကရ နေရာတချို့တွင်လည်း ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုထံမှ သိရသည်။

 

မြင့်ဉီး(မြိတ်)