ရန်ကုန် ၃၁ ဒီဇင်ဘာ
လူငယ်နှင့် ငြိမ်းချမ်းရေး အစီအစဉ်အရ ကျင်းပသော ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ ဆွေးနွေးပွဲအား မျက်မှောက်ခေတ် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တက္ကသိုလ်ကင်းထောက် လူငယ်တို့၏ အခန်းကဏ္ဍ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်ရုံး၌ လူငယ်ငြိမ်းချမ်းရေး သံတမန်များ ဦးဆောင်၍ ကျင်းပရာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ကင်းထောက် အစီအစဉ်မှူးချုပ် ဦးအေးကြိုင်နှင့် တက္ကသိုလ် ကင်းထောက်လူငယ်များ တက်ရောက်ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံရေးနှင့် နိုင်ငံ့အရေးတို့အကြား ကွဲပြားပုံ၊ အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်ခြင်း စသည့် အကြောင်းအရာများအား ကင်းထောက်ကိုယ်စားပြု လူငယ်ငြိမ်းချမ်းရေး သံတမန်များမှအနေဖြင့် တင်ပြဆွေးနွေးကြပြီး တက်ရောက်လာကြသော ကင်းထောက်လူငယ်များက မျက်မှောက်ခေတ် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် မိမိတို့ ပါဝင်နိုင်သော အခန်းကဏ္ဍများအကြောင်း မိမိတို့၏ ကိုယ်ပိုင်အမြင်များအား အုပ်စုဖွဲ့ဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးချက်များ၊ လူငယ့်အသံများကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနသို့ ပို့ဆောင်ကာ ရှေ့လျှောက် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အောက်ခြေ ပြည်သူလူထု၏ သဘောထားဆန္ဒများ ပိုမိုပါဝင်သော ဆုံးဖြတ်ချက်များဖြစ်စေရန် ရှေးရှုကာ ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြားတွင် လူငယ်နှင့် ငြိမ်းချမ်းရေး အစီအစဉ်ဖြင့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ ဖြေရှင်းခြင်းဆိုင်ရာ ဆွေးနွေးပွဲများကို တက္ကသိုလ်ကင်းထောက် လူငယ်များမှ ကျင်းပလာသည်မှာ ယခုပွဲသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း (၁၀)ကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲလည်းဖြစ်ကြောင်း မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ သိရသည်။
MDN