လွိုင်လင် ၃၁ ဒီဇင်ဘာ
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းကိုင်ဒေသထွက် လိမ္မော်သီး ရောင်းချသူများ စီးပွားဖြစ် တွက်ချေကိုက် အဆင်ပြေကြကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လိမ္မော်သီးကို စီးပွားဖြစ်စိုက်ပျိုးကြပြီး အထူးသဖြင့် ဟမ်းငိုင်းကျေးရွာတွင် အများဆုံးထွက်ရှိသည်။ လွိုင်လင်မြို့တွင် လာရောက်ရောင်းချသည့် ဈေးသည်နှင့် တွေ့ဆုံရာတွင် “ကျွန်တော်က စိုင်းထွန်းအေးဖြစ်ပါတယ်။ အခု လာရောက်ရောင်းချတဲ့ လိမ္မော်သီးတွေက ကျွန်တော်တို့ခြံထွက် အသီးတွေပါ။ စိုက်ပျိုးဧကကတော့ သုံးဧကရှိပါတယ်။ ဒီနှစ်မှာတော့ အထွက်နှုန်းကောင်းပါတယ်။ ဈေးနေ့တွေမှာတော့ လွိုင်လင်၊ ပင်လုံ၊ လဲချား၊ နမ့်စန်မြို့တွေမှာ လိုက်လံရောင်းချပါတယ်။ ကိုယ်ပိုင်ကားနဲ့ သယ်ယူတာကြောင့် ကားခတော့ မကုန်ပါဘူး။ လက်ရှိရောင်းဈေးကတော့ အလုံးအသေးတွေဆိုရင် တစ်ပိဿာ ၁၅၀၀ ကျပ်နှင့် အကြီးအသေးပေါ် မူတည်ပြီးတော့ ၂၅၀၀ ကျပ်၊ ၃၀၀၀ ကျပ် ရောင်းချပါတယ်။ ချိုလည်းချိုတော့ ရောင်းကောင်းပါတယ်”ဟု ပြောသည်။
လိမ္မော်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် စမ်းသပ်စိုက်ပျိုးကြရာ အောင်မြင်မှုများ ရရှိနေသော်လည်း နည်းပညာ လိုအပ်လျက်ရှိနေသေးကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)