ငဖဲ ၃၁ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် သာစည်ကျေးရွာတွင် လယ်ယာထုတ်ကုန် ဧက ၃၀ဝ ကျော်အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက အိမ်ခြေ ၁၁၀၄ အိမ်၊ လူဦးရေ ၄၈၈၂ ဦးတို့၏ ကျေးလက်လယ်ယာ ထုတ်ကုန် ဧက ၃၀ဝ ကျော် အကျိုးပြုမည်ဖြစ်ပြီး လယ်ယာထွက်ကုန်များကို ဈေးကွက်သို့ အချိန်မီ လွယ်ကူလျင်မြန်စွာ ပေးပို့နိုင်မှာဖြစ်သကဲ့သို့ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာသဖြင့် ဒေသခံပြည်သူများအတွက် သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် အဆင်ပြေမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်က ပြောသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို မြေနီကျောက်စရစ်ခင်းခြင်း ၁ ဒသမ ၁ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၁ ပေ ၉ လက်မထုခင်းခြင်း လုပ်ငန်းတို့ကို တင်ဒါအောင်မြင်သည့် ထွန်းကမ္ဘာလင်းကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
ငဖဲမြို့နယ်အတွင်း ယခုဘဏ္ဍာရေးနှစ်တွင် သာစည်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း ၁ ဒသမ ၁ မိုင် အပါအဝင် ပေါင်းကလေးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း ၅ ဒသမ ၆ ဖာလုံ၊ ပေါက်ရင်းကုန်းကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း ၁ ဒသမ ၁ မိုင်တို့အား ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုးမိုးကျော်


