၃၁ ဒီဇင်ဘာ
၂၀၁၉-၂၀၂၀ ရာသီ MFF ဖူဆယ်လိဂ်ပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၁)ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ကျင်းပရာ VUC အသင်းက ဂိုးကွာခြားချက်အသာဖြင့် ရာသီဝက်ချန်ပီယံ ဖြစ်ခဲ့သည်။
၁၀ ပွဲဆက် အနိုင်ရထားသည့် VUC နှင့် လက်ရှိချန်ပီယံ MIU အသင်းတို့၏ နောက်ဆုံးပွဲမှာ ထိပ်ဆုံးနေရာအတွက် အရေးပါသည့်အပြင် ရာသီဝက်ချန်ပီယံဆုအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး နှစ်ဂိုးစီသရေကျခဲ့သည်။
နိုင်ငံခြားသားကစားသမားများ ခေါ်ယူထားသည့်အပြင် ပြင်ဆင်မှုများစွာ ပြုလုပ်ထားသည့် ထိပ်သီးနှစ်သင်း၏ တွေ့ဆုံမှုဖြစ်သောကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ကစားသမားများ အချင်းများမှုများလည်း ရှိခဲ့သည်။
VUC အသင်းသည် ဦးဆောင်ဂိုးများနှစ်ကြိမ်တိုင် သွင်းယူနိုင်သော်လည်း ဂိုးများပြန်ပေးခဲ့ရသည့်အပြင် (၂-၁)ဂိုးဖြင့် အနိုင်ရနေချိန်တွင် ပွဲပြီးခါနီး၌ ဂိုးပြန်ပေးလိုက်ရသောကြောင့် သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။
အခြားပွဲများတွင် Do Do Ko Ko အသင်းက လက်ဝဲသုန္ဒရအသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ မြို့မ JY အသင်းက MFF ယူ-၁၉ အသင်းကို လေးဂိုး-နှစ်ဂိုး၊ GV အသင်းက ဖူဆယ်ချစ်သူအသင်းကို ခြောက်ဂိုး-ဂိုးမရှိ၊ On Doctor အသင်းက AMM Brothers အသင်းကို လေးဂိုး-ဂိုးမရှိ၊ Winner အသင်းက Dream Team အသင်းကို ခြောက်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ပထမအကျော့အပြီးတွင် VUC နှင့် MIU အသင်းတို့ ၃၁ မှတ်စီတူညီခဲ့သော်လည်း ဂိုးကွာခြားချက်ဖြင့် VUC အသင်းက ဆက်လက်ဦးဆောင်နိုင်ခဲ့ကာ MIU အသင်းက ဒုတိယ၊ GV အသင်းက ၂၇ မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။
သတင်း-ရဲရင့်ရှိုင်း