အပ္ပမာဒေန သမ္ပာဒေထ “အပ္ပမာဒေန သမ္ပာဒေထ” ဆိုတဲ့ဒေသနာဟာပိဋကတ်သုံးပုံအကုန်ငုံမိတဲ့ မြတ်ဗုဒ္ဓ၏ လက်စွဲတရားတော်ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓသည် ဤအပ္ပမာဒတရားကို နေ့စဉ်နေ့စဉ်တစ်နေ့ နှစ်ကြိမ် ဟောပါတယ်။ အဓိပ္ပာယ် အကျဉ်းချုပ်ကတော့ “လောကနှင့်ဘဝ”ကို သတိနဲ့စောင့်ကြည့်-ကြလို့ အဓိပ္ပာယ်ရပါတယ်။ သတိဟာ ကိုယ်စောင့်တရား၊ စိတ်စောင့်တရားပါ။ မိမိရဲ့ဘဝကို သတိနဲ့စောင့်ရှောက်နိုင်သူဟာ အောင်မြင်သူပါပဲ။

ကောသလမင်းဟာ မြတ်စွာဘုရားနှင့်အတူတကွ တစ်သက်လုံးနေခဲ့ရသူပါ။ ပမာဒ-အားကြီးတဲ့အတွက် သူ့ဘဝဟာ ဆုံးရှုံးပျက်စီးခဲ့ရပါတယ်။ ကြမ်းတမ်း ရက်စက်သော အသောကမင်း စဏ္ဍာသောကဟာ ရှင်သာမဏေ နိရောဓထံမှ အပ္ပမာဒတရားကိုနာရတဲ့အတွက် စဏ္ဍာသောကမှ ဓမ္မာသောက ဖြစ်ခဲ့ပါပြီ။ အကွဲကွဲအပြားပြား ဖြစ်နေသော မြန်မာနိုင်ငံတော်ကြီးကို ပထမဆုံးစည်းလုံး တည်ထောင်ခဲ့သော အနော်ရထာမင်းကြီးဟာလည်း အရှင်အရဟံခေါ် ပိယဒဿီ မထေရ်၏အပ္ပမာဒတရားကို နာကြားရသောကြောင့်ပင် မြန်မာနိုင်ငံ၌ အောင်မြင်သော သာသနာပြုမင်းတစ်ပါး၏ ဘဝသမိုင်းမှတ်တမ်းကို ကောင်းကောင်းကြီးလွှင့်ထူ နိုင်ခဲ့ပါသည်။

နိုင်ငံသူနိုင်ငံသား အားလုံးတို့၏ဘဝဟာ မြန်မာနိုင်ငံပါပဲ။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ မဆုံးရှုံးမပျက်ပြားရေး အတွက်လည်း သတိစောင့်ကြည့် “အပ္ပမာဒေန သမ္မာ ဒေထ'ပါပဲ။မြန်မာနိုင်ငံရဲ့ ကြီးပွားတိုးတက်ရေးအတွက် လည်း သတိနဲ့စောင့်ကြည့်'အပ္ပမာဒေန သမ္ပာဒေထ' ပါပဲ။

အတိတ်နှစ်ဟောင်းတွေကိုလည်း သတိနဲ့ပြန်ကြည့်ပါ-“အပ္ပမာဒေန သမ္ပာဒေထ”၊ အနာဂတ်နှစ်သစ်တွေကိုလည်း သတိနဲ့ကြိုကြည့်ပါ“အပ္ပမာဒေန သမ္ပာဒေထ”၊ သစ်ပင်တွေ သစ်ရွက်လဲသလို နှစ်တွေ စနစ်တွေ ခေတ်တွေဟောင်းခဲ့ပြီဖြစ်တဲ့ အတိတ်ကနှစ်ဟောင်းတွေကိုလည်း “အပ္ပမာဒေန သမ္ပာဒေထ' လို့နှုတ်ဆက်ခဲ့ပါတယ်။ စနစ်သစ်တွေနဲ့ ချီတက်ရမယ့် နှစ်သစ်ခေတ်သစ်တွေကိုလည်း “အပ္ပမာဒေန သမ္ပာဒေထ”လို့နှုတ်ခွန်းဆက်ကြိုဆိုပါတယ်။ အားလုံးပဲ “အပ္ပမာဒေန သမ္ပာဒေထ'ပါ။

သီတဂူဆရာတော် စစ်ကိုင်းတောင်ရိုး