ရန်ကုန် ၁ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နှစ်သစ်ကူးတရားပွဲ ကျင်းပရေးကော်မတီတို့မှ ၂၀၂၀ ပြည့်နှစ် နှစ်ဦးအလှူ အရုဏ်ဆွမ်းဆက်ကပ်ခြင်းကို ဇန်နဝါရီ ၁ ရက် နံနက် ၅ နာရီခွဲ၌ ဒဂုံမြို့နယ် Summit Park View Hotel တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဒွိပိဋကဓရ ဘဒ္ဒန္တအဂ္ဂသာမိ အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တရားပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့် တက်ရောက်လာကြသူများက နှစ်ဦးအလှူ အရုဏ်ဆွမ်း ဆက်ကပ်ခဲ့သည်။
ထို့နောက် ရွှေတိဂုံစေတီတော်မြတ်ကြီး ခြေတော်ရင်း ပြည်သူရင်ပြင် နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်၌ အဂ္ဂမဟာပဏ္ဍိတ ဒွိပိဋကဓရ ဘဒ္ဒန္တအဂ္ဂသာမိ အမှူးပြုသော ဆရာတော် သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်သရဇ္ဇျာယ်ခြင်းကို ဆက်လက် ဆောင်ရွက်ရာ ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက တရားနာယူကြည်ညိုကြပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)