မြိတ် ၁ ဇန်နဝါရီ

 

၂၀၂၀ ခုနှစ် နှစ်သစ်နှစ်ဦးတွင် (၁၁)ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကြီးကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားနယ်မြေ ခရူတောရပ်ကွက် ဗိုလ်ဗထူး(၃)လမ်းတွင် နေထိုင်သော ဦးဂျပန်(ခ)ဦးသန်းထွေး + ဒေါ်အေးအေးမိုး မိသားစုမှ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

mdn

 

ကျပ်သိန်းတစ်သောင်းခွဲဆုကြီးကို တိုးချဲ့ဈေးအနီး ရတနာသိန်းထိုက်အောင် ထီဆိုင်မှ င ၂၀၄၅၈၈ ထီလက်မှတ်ဖြင့် ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး အဆိုပါဆုကြီးကို (၃)စောင်တွဲ ထီလက်မှတ်မှ (၁၁)ကြိမ်မြောက် အောင်ဘာလေထီ အထူးဆုကြီးကို ဆုခူးရရှိခဲ့ခြင်းဖြစ်သည်။ ကံထူးရှင် မိသားစုသည် ခရူတောရပ်ကွက်တွင် နေထိုင်ကာ မြိတ်တောင်ကျေးရွာ တိုးချဲ့ဈေးတွင် အထည်အရောင်းဆိုင်ဖွင့်လှစ် ရောင်းချလျက်ရှိပြီး ၎င်းလုပ်ငန်းကို တိုးချဲ့ကာ ဆက်လက်လုပ်ကိုင်သွားမည်ဟု ၎င်းမိသားစုက ဆိုသည်။

 

“တစ်လတစ်လကို (၃)စောင်တွဲ(၄)အုပ် လတိုင်းထိုးပါတယ်။ လှူချင်တန်းချင်တာပါတဲ့အတွက် စိတ်ထက်သန်စွာ လတိုင်းထိုးပါတယ်။ အရင်စထိုးတုန်းက (၅)သောင်းဆု ပေါက်ဖူးတယ်။ နောက်တစ်လထိုးတာ (၅)သောင်းဆုပေါက်တယ်။ အဲဒီကစပြီး လတိုင်းထိုးတာ မပေါက်တော့ဘူး။ ဇွဲမလျှော့ဘဲ ဆက်ထိုးတာ အခုသိန်းပေါင်း တစ်သောင်းခွဲပေါက်တယ်။ အလှူကြီးတွေ ဆက်တိုက်ပေးသွားချင်တယ်။ သားသမီးတွေကိုလည်း ကောင်းကောင်းမွန်မွန် ထားချင်တယ်။ အလုပ်အကိုင်ကတော့ ရန်ကုန်ချုပ် အမျိုးသမီးချုပ်အထည်တွေ ရောင်းပါတယ်။ သားသမီးတွေကြီးလာမှပဲ လုပ်ငန်းကြီးတွေချပေးမယ်။ ကျွန်တော်တို့ ဆင်းရဲသူဆင်းရဲသားတွေ အားလုံး ကိုယ်ရှာထားတဲ့ ချွေးနဲစာနဲ့ တစ်လကို တစ်စောင်လောက်တော့ဖြင့် ထိုးပါလို့ ပြောချင်ပါတယ်” ကံထူးရှင် ဦးဂျပန်က ပြောသည်။

 

မြိတ်မြို့တွင် (၁၀ဝ၀)တန် အောင်ဘာလေထီလက်မှတ်မှ ဆုကြီးများအနေဖြင့် သိန်း(၅၀ဝ၀)ဆုကို (၃)ကြိမ်မြောက်တွင် ဆွတ်ခူးရရှိခဲ့ဖူးပြီး ယခု(၁၁)ကြိမ်မြောက်တွင် ကျပ်သိန်းသောင်းခွဲဆုကြီးကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)