မန္တလေး ၁ ဇန်နဝါရီ 

နိုင်ငံတော်မှ သတ်မှတ်ပေးထားသည့် နှစ်သစ်ကူးရုံးပိတ်ရက်များဖြစ်သော ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နှင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တို့တွင် မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများတွင် လာရောက်လေ့လာ ဖူးမြော်ကြသည့် ပြည်တွင်းပြည်ပခရီးသွားများ ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

အဆိုပါ ခရီးသွားများသည် နံနက်ပိုင်း၌ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများဖြစ်ကြသည့် မဟာမုနိ ရုပ်ရှင်တော်၊ ကျောက်တော်ကြီး၊ ရွှေကျီးမြင်ဘုရား၊ ကုသိုလ်တော်ဘုရားများနှင့် အောင်တော်မူဘုရားများသို့ အများဆုံး သွားရောက်ဖူးမြော်ကြည်ညိုကြပြီး မွန်းလွဲပိုင်းတွင် မန္တလေးမြို့တွင်းရှိ အထင်ကရ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသများဖြစ်ကြသည့် ရွှေကျောင်းကြီး၊ နန်းမြို့တွင်းနှင့် အင်းဝဒေသများသို့ သွားရောက်လေ့လာ၍ မှတ်တမ်းဓာတ်ပုံများရိုက်ကြကာ ညနေပိုင်းအချိန်တွင် ကမ္ဘာကျော် ဦးပိန်တံတားနှင့် မန္တလေးတောင်ပေါ်ဘုရားများသို့ သွားရောက်၍ နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားကြသည်။

''မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ခဲ့တာပါ။ ရန်ကုန်၊ ပုဂံ၊ မန္တလေးနဲ့ အင်းလေးဘက်ကို သွားရောက်လေ့လာမှာပါ။ ရန်ကုန်နဲ့ ပုဂံကိုတော့ ရောက်ခဲ့ပြီးပါပြီ။ ပုဂံက ဘုရားတွေရဲ့ ဗိသုကာ လက်ရာတွေက အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီဦးပိန်တံတားကို အဆုံးထိ လျှောက်ပြီး ညနေ ခင်းမှာ နေဝင်ချိန်ကို စောင့်ကြည့်ဖို့ စိတ်ကူးထားပါတယ်။ ဒီနေရာလေးဟာ အရမ်းကို သာယာတဲ့နေရာ လေးပါ။ ကျွန်တော်တို့နိုင်ငံကို ပြန်ရောက်ရင် အသိမိတ်ဆွေတွေကို မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ဖို့ ပြောပြမယ်။  မန္တလေးမြို့ ဒေသခံပြည်သူတွေရဲ့ အပြုံးနဲ့ ဧည့်ဝတ်ကျေပွန်မှုကို ကျေနပ်တဲ့အတွက် နောက်တစ်ခါ ပြန်လာနိုင်ဖို့ ကြိုးစားသွားပါမယ်'' ဟု ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူ အီတလီနိုင်ငံသားတစ်ဦးက ပြောသည်။

ထို့ပြင် နေပြည်တော်မှ မန္တလေးမြို့သို့ မိသားစုဖြင့် လာရောက်လည်ပတ်သည့် ဦးအောင်မြင့်ကလည်း ''ဒီဇင်ဘာ ကျောင်းပိတ်ရက်နဲ့ ဝန်ထမ်းတွေအတွက် ခံစားခွင့်ပေးထားတဲ့ နှစ်သစ်ကူး ရုံးပိတ်ရက်ကာလမှာ မိသားစုကုသိုလ်ယူရင်း ကလေးတွေ ဗဟုသုတရရှိဖို့ မန္တလေးမြို့ကို ခရီးထွက်ခဲ့တာပါ။ မနေ့က ရောက်ရောက်ချင်းမှာ ဘုရားကြီးနဲ့ မန္တလေး တောင်ခြေမှာရှိတဲ့ ဘုရားတွေအားလုံးကို ဖူးမြော်ပြီးသွားပြီ။ ဒီနေ့တော့ ကျွန်တော့်ကလေးတွေ ရှေး‌ခေတ်ဘုရင်တွေ နေထိုင်တဲ့ နန်းတော်ကြီးအကြောင်းကို သိရှိအောင် မန္တလေးနန်းမြို့တွင်းကို လာရောက်ပြသတာပါ။ ညနေပိုင်းမှာတော့ ဦးပိန်တံတားကို လေ့လာပြီး ညကားနဲ့ နေပြည်တော်ပြန်မှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လမ်းပန်းဆက်သွယ်ရေးတွေက ပိုမိုကောင်းမွန်လာတဲ့အပြင် အားလပ်ရက်တွေမှာ ခရီးထွက်ကြတဲ့ ဓလေ့တွေ ထွန်းကားနေကြပြီ ဖြစ်လို့ ရောက်တဲ့ ဒေသတိုင်းမှာ ပြည်တွင်း ခရီးသွားတွေနဲ့ စည်ကားနေတယ်'' ဟု ပြောသည်။

နိုင်ငံတော်အစိုးရမှ ယခုနှစ်များအတွင်း နိုင်ငံတကာခရီးသွားများ ပြည်တွင်းသို့ လွယ်ကူစွာဖြင့် ပိုမိုဝင်ရောက်လာနိုင်စေရန် ဖြေလျော့မှုများဖြင့် ခွင့်ပြုပေးမှုကြောင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက် ရုံးပိတ်ရက် ခံစားခွင့်များကို တိုးမြှင့်ပေးမှုကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော် မန္တလေးမြို့သို့ ပြည်တွင်းပြည်ပခရီးသွားများ ဝင်ရောက်မှုသိသာစွာ တိုးတက်များပြားလာကြောင်း မန္တလေးမြို့ တန်ခိုးကြီးဘုရားများနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများရှိ ဒေသခံဈေးသည်များမှ ပြောကြားသည်။

မင်းထက်အောင်(မန်းကိုယ်ပွား), ဓာတ်ပုံ- အောင်ဖြိုးကျော်