နမ့်ဆန် ၁ ဇန်နဝါရီ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မင်္ဂလာရပ်ကွက်၌ အသစ်တည်ဆောက်ပြီးစီးသွားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီရုံးသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါ အဆောက်အဦရှေ့တွင် ကျင်းပပြုလုပ်သည်။

 

888888

 

အဆောက်အဦဖွင့်ပွဲတွင် စာပြုပုဂ္ဂိုလ် ဆရာတော် (အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက) ဘဒ္ဒန္တနန္နာစရိယ၊ ဒေသဦးစီးအဖွဲ့ ဉက္ကဌ ဦးဝင်းကျော်၊ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ နာယက ဦးအိုက်မုန်း၊  တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီဉက္ကဌ ဦးစောလွင်၊ တအာင်းစာစုကော်မတီ ဦးထွန်းကျော်တို့က တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီရုံးသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဖွင့်ပွဲအပြီးတွင် အခမ်းအနားဆက်လက်ကျင်းပရာ စာပြုပုဂ္ဂိုလ် ဆရာတော် (အဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိက) ဘဒ္ဒန္တနန္နာစရိယက သြဝါဒကထာစကားချီးမြင့်သည်။ ဆက်လက်ပြီး ဒေသဦးစီးအဖွဲ့ ဉက္ကဌ ဦးဝင်းကျော်က တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီရုံး စတင် အကောင်ထည်ဖော်ခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံတအာင်းစာပေနှင့်ယဉ်ကျေးမှုဗဟို ကော်မတီ ဉက္ကဌ ဦးစောလွင်က ရုံးသစ်တည်ဆောက်နိုင်မှုအခြေအနေများ၊ ရုံးသစ်တည်ဆောက်နိုင်ရန် အလှူငွေထည့်ဝင်ခဲ့ကြသည့် ကုမ္ပဏီများ၊ အနယ်နယ်အရပ်ရပ်မှ စေတနာရှင် တအာင်းပြည်သူ လူထုများတို့ကို ကျေးဇူးတင်စကားပြောကြားသည်။ 

ထို့နောက် တအာင်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်တီဝင် ဦးကျော်နိုင်က ရုံးသစ်တည်ဆောက်ရာတွင် ဘဏ္ဍငွေ အဝင်/အထွက် စာရင်းများ၊ ကုန်ကျစရိတ် ရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းပြီး တအာင်းစာပေနှင့်ယဉ်ကျေးမှု ရုံးသစ်အတွက် အလှူငွေ လှူဒါန်းပေးကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

အဆိုပါ မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီရုံးသည် ၂၀၁၆ ဖေဖော်ဝါရီလ(၄)ရက်နေ့က နမ့်ဆန်မြို့နယ် မီးလောင်မှုဖြစ်ပွားရာတွင် မီးလောင်ဆုံးရှုံးသွားပြီး ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ၏ရံပုံငွေ၊ အနယ်အနယ် အရပ်ရပ်မှ စေတနာရှင်တအာင်းပြည်သူလူထုတို့၏ ထည့်ဝင်လှူဒါန်းငွေနှင့် နမ့်ဆန်မြို့ တွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်သည့် ဆောက်လုပ်ရေး ကုမ္မဏီများတို့မှ ထည့်ဝင်လှူဒါန်းငွေများကို စုပေါင်းပြီး အလျားပေ (၆၀)ပေ အနံပေ(၃၀)ရှိ (၃)ထပ် (RC)တိုက်အဖြစ် သိန်းတစ်ထောင်ကျော် အကုန်ကျခံကာ တည်ဆောက်ပြီးစီးခဲ့ပြီး ယနေ့တွင် တအာင်းစာပေနှင့်ယဉ်ကျေးမှု ရုံးသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်။ ရုံးသစ်ဖွင့်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဦးစီးအဖွဲ့ ဉက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းစာပေ နှင့်ယဉ်ကျေးမှု နာယကကြီးများ၊ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော် မတီဝင်များ၊ အနယ်အနယ်အရပ်ရပ်မှ တအာင်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီများ၊ တက်ရောက်ခဲ့ကြောင်းသိရသည်။ ရုံးသစ်ဖွင့်ပွဲ အပြီးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်တီတို့၏ နှစ်ပတ်လည်ဆိုင်ရာ အရပ်ရပ်အစည်းအဝေးကို (၃)ရက်တိုင်တိုင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)