မန္တလေး ၁ ဇန်နဝါရီ

 

မန္တလေးမြို့၏ နှစ်သစ်ကူးညတွင် ယာဉ်မတော်တဆမှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ထိခိုက်ဒဏ်ရာရရှိသူ ၉၀ ကျော် ရောက်ရှိခဲ့ကြောင်း အဆိုပါဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာခင်ကျော်၏ ပြောကြားချက်အရ သိရသည်။

 

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီအထိ ရောက်ရှိလာသည့် အဆိုပါလူနာများအနက် ပြင်ပလူနာအဖြစ် ယာဉ်မတော်တဆမှုကြောင့် ၃၃ ဦး၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ၃၀ ဦးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရှိသူ ၇ ဦး စုစုပေါင်း ထိခိုက်ဒဏ်ရာရရှိသူ ၇၀ ဦး လာရောက်ကုသမှု ခံယူခဲ့ကြပြီး အတွင်းလူနာအဖြစ် ယာဉ်မတော်တဆ မှုကြောင့် ၁၈ ဦး ခိုက်ရန်ဖြစ်ပွားမှုကြောင့် ၄ ဦးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦး စုစုပေါင်း ၂၄ ဦးတို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

 

''ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညမှာ ကျွန်တော်တို့ ဆေးရုံကြီးကို ထိခိုက်ဒဏ်ရာရရှိမှုကြောင့် လူနာ ၉၄ ဦး ရောက်ရှိခဲ့ပါ တယ်။ နှစ်သစ်ကူးညမှာ ဒီလိုလူနာတွေ ရောက်ရှိလာရင် အရေးပေါ်ကုသပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့ ဆရာဝန်နဲ့ သူနာပြုအင်အားက လုံလောက်စွာရှိနေတဲ့အတွက် လုပ်သားအင်အားနဲ့ ဆေးဝါးတွေကိုပဲ ထပ်မံဖြည့်ဆည်းထားပြီး ကုသပေးခဲ့ပါတယ်။ နှစ်သစ်ကူးညမှာ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဆေးရုံကြီးက အရေးပေါ်လူနာတင်ယာဉ် ၃ စီး လူမှုကူညီရေးအဖွဲ့တွေက လူနာတင်ယာဉ် ၇ စီးနဲ့အတူ လူအင်အား ၇၀ ကျော်က ပါဝင်ကူညီပြီး ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ် '' ဟု ဆေးရုံအုပ်ကြီးက ပြောသည်။

 

မန္တလေးမြို့တွင် နှစ်သစ်ကူးကြိုဆိုပွဲများအား နှစ်စဉ် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် ပျော်ရွှင်စွာ ကျင်းပလျက်ရှိသည့်နည်းတူ ၎င်းညတွင် ယာဉ်မတော်တဆမှုများနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများလည်း ဖြစ်ပေါ်ခဲ့ရာ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၏ မှတ်တမ်းများအရ ၂၀၁၇ - ၂၀၁၈ ခုနှစ် နှစ်သစ်ကူးညပိုင်းတွင် ယာဉ်မတော်တဆမှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၁ ဦးနှင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၄ ဦး ရှိခဲ့ပြီး ၂၀၁၈- ၂၀၁၉ ခုနှစ် နှစ်သစ်ကူးညပိုင်းတွင် ယာဉ်မတော်တဆမှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ထိခိုက် ဒဏ်ရာရရှိသူ ပြင်ပလူနာ ၆၀ နှင့် အတွင်းလူနာအဖြစ် ၂၁ ဦးရှိခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)

ဓာတ်ပုံ - အောင်ဖြိုးကျော်