၂ ဇန်နဝါရီ

 

အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးကို အီရတ်ဆန္ဒပြပြည်သူတွေ ယမန်နေ့က ဒေါသတကြီးတိုက်ခိုက်ခဲ့ကြတာနဲ့ ပတ်သက်ပြီး အမေရိကန်က အီရတ်နိုင်ငံအပေါ် အပြစ်တင်ခဲ့ပြီးတဲ့နောက် သမ္မတထရမ့်က ဒီကိစ္စတွေဖြစ်လာအောင် ဖန်တီးသူအဖြစ် အီရန်ကို စွပ်စွဲလိုက်ပြီး အဲဒီအတွက် ပြန်ပေးဆပ်ရလိမ့်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

 

ပြန်ပေးဆပ်ရမယ်

 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမေရိကန်ကလုပ်ဆောင်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်တွေ သေဆုံးမှုအပေါ် မခံမရပ်နိုင်အောင် ဖြစ်ခဲ့ကြတဲ့ အီရတ်ဆန္ဒပြပြည်သူ လူအုပ်ကြီးက မြို့တော်ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံး အဆောက်အအုံဝင်းကို ဒေါသတကြီး တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

 

နှစ်သစ်ကူးအကြိုနေ့မှာ သမ္မတထရမ့်က ထိခိုက်ပျက်စီးမှုတစ်ခုခု သို့မဟုတ် အသက်တစ်ချောင်းဖြစ်ဖြစ် ဆုံးရှုံးမှုရှိခဲ့ရင် အီရန်က အဲဒီအတွက် ကြီးကြီးမားမားပြန်ပေးဆပ်ရမယ်လို့ တွစ်တာပေါ်မှာ ရေးသားခဲ့တာပါ။ ဒီစကားက သတိပေးရုံသက်သက်မဟုတ်ဘူး။ ခြိမ်းခြောက်တာဖြစ်တယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။

 

တပ်ဖွဲ့ဝင်တွေ ချထားမယ်

 

ဒီကိစ္စပေါ်လာပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ အမေရိကန်ကာကွယ်ရေး ဝန်ကြီး မာ့ခ်အက်စပါက အီရတ်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၇၅၀ ခန့်ကို အမြန်ဆုံးချထားမှာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ ကိုယ့်နိုင်ငံသားတွေရှိနေသည်ဖြစ်စေ ကိုယ့်နိုင်ငံသားတွေနဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားကို ကာကွယ်ရလိမ့်မယ်လို့ ကာကွယ်ရေးဝန်ကြီးက ဆိုထားပါတယ်။

 

ဒေါသဖုံးလွှမ်းနေတဲ့ လူအုပ်ကြီးဟာ သံရုံးအဆောက်အအုံဝင်းအတွင်းမှာ ရှိနေတဲ့ လုံခြုံ ရေးဂိတ်တစ်ခုကို မီးရှို့ခဲ့ကြပြီး ဧည့်လက်ခံတဲ့နေရာကို ချိုးဖျက်ဝင်ရောက်ခဲ့ကြတာကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တွေက ဆန္ဒပြလူအုပ်ကို မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ကြပါတယ်။ ဒီကိစ္စတွေဖြစ်လာဖို့ နောက်ကွယ်ကနေ တစ်မျိုးတစ်ဖုံကြိုးကိုင်စီမံခဲ့တယ်ဆိုတဲ့ သမ္မတထရမ့် ရဲ့ စွပ်စွဲချက်ကို အီရန်က ငြင်းဆန်ထားတဲ့အပြင် ဒီလိုလာစွပ်စွဲတာဟာ သိပ်ကိုရဲတင်းလွန်းလှတယ်လို့ ပြန်ချေပခဲ့ပါတယ်။

 

လက်တုံ့ပြန်

 

အမေရိကန်ကလုပ်ဆောင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ပစ်မှတ်ထားခံရတဲ့ စစ်သွေးကြွအဖွဲ့ကတော့ အီရတ်အနောက်ပိုင်းနဲ့ ဆီးရီးယားအရှေ့ ပိုင်းမှာရှိတဲ့ ကာတက်ဟစ်ဇ်ဘိုလာခေါ် အီရန်ထောက်ခံတဲ့ ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

 

ဒီဇင်ဘာ ၂၉ ရက်က ၎င်းတို့ရဲ့ စစ်အခြေစိုက်စခန်းတွေက အမေရိကန်က လုပ်ဆောင်ခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ တိုက်ခိုက်ရေးအဖွဲ့ဝင် ၂၅ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ဝါရှင်တန်ဘက်ကတော့ အီရတ်စစ်အခြေစိုက်စခန်း တစ်ခုကို ဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှုအတွင်း အမေရိကန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ရတဲ့အတွက် လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ အကြောင်းပြချက် ပေးထားပါတယ်။

 

အချုပ်အခြာအာဏာကို ဖောက်ဖျက်

 

အီရတ်ဝန်ကြီးချုပ် အဗ္ဗဒူလ် မာဒီက အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ အီရတ်ရဲ့ အချုပ်အခြာအာဏာကို ဖောက်ဖျက်တယ်လို့ ပြောခဲ့ပါတယ်။ ကာတက်ဟစ်ဇ်ဘိုလာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် အချို့မှာ ဒီအယ်လ်မူဟန်စ်က ၎င်းရဲ့ တုံ့ပြန်မှုဟာ အီရတ်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ ဝင်တွေအပေါ် ပြင်းပြင်းထန်ထန် သက်ရောက်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ သမ္မတထရမ့်က အမေရိကန်သံရုံးနဲ့ သံရုံးဝန်ထမ်းတွေကို အီရတ် တပ်ဖွဲ့ဝင်တွေက အကာအကွယ်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ လက်ရှိဖြစ်ပွားခဲ့တဲ့ သံရုံးတိုက်ခိုက်မှုအတွင်းမှာ ဆောင်ရွက်ပေးခဲ့မှုအတွက် အီရတ် ဝန်ကြီးချုပ် မာဒီကို ကျေးဇူးတင်ကြောင်း ဆိုထားပါတယ်။

 

ဘဂ္ဂဒက်မှာ ဘာတွေဖြစ်

 

အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြတဲ့ ပြည်သူ့စစ်တိုက်ခိုက်ရေးအဖွဲ့သားတွေရဲ့ ဈာပနပြုလုပ်ပြီးနောက်မှာပဲ ယမန်နေ့က ဆန္ဒပြပွဲတွေ ပေါ်ထွက်လာခဲ့တာပါ။ အဘူမာဒီအယ်လ် မူဟန်ဒစ်နဲ့ တခြား ( အကြီးတန်းပြည်သူ့စစ်အဖွဲ့ဝင်အချို့နဲ့ အထောက်အကူပြုတပ်ဖွဲ့ ခေါင်းဆောင်တွေအပါအဝင် ထောင်ပေါင်းများစွာသော ပူဆွေးဝမ်းနည်းနေကြသူတွေဟာ အီရတ်အစိုးရရုံးဌာနတွေနဲ့ ပြည်ပသံရုံးတွေရှိရာ ဂရင်းဇုန်ဆီ စုဝေး ချီတက်ခဲ့ကြပါတယ်။

 

အီရတ်လုံခြုံရေးတပ်ဖွဲ့က ၎င်းတို့ကို ဂရင်းဇုန်ထဲကို ဝင်ရောက်ခွင့်ပြုခဲ့ပြီး အမေရိကန်သံရုံးအပြင်ဘက် လမ်းတစ်လမ်းပေါ် စုဝေးစေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အာဆစ် အာအယ်လ်ဟက် ပြည်သူ့စစ်အဖွဲ့ရဲ့ခေါင်းဆောင် ကွိုက် အယ်လ် ခါဇာလီက ဒီသံရုံးဟာ အီရတ်ကို မကောင်းကြံစည်တဲ့ သံရုံးတစ်ရုံးဆိုတာကို သက်သေထူနေတယ်လို့ ပြောခဲ့ပါတယ်။

 

ကြွေးကြော်အော်ဟစ်

 

ပြည်သူ့စစ်အဖွဲ့အလံတွေကို ဝှေ့ယမ်းနေကြတဲ့ လူအုပ်ကြီးဟာ အမေရိကန်ကိုဆန့်ကျင်တဲ့ ကြွေးကြော်သံတွေကို အော်ဟစ်နေကြချိန် ဆန္ဒပြသူတွေက သံရုံးအဆောက်အအုံဝင်းရဲ့ ပင်မတ်ဝင်ပေါက်ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်သူကပေါက်၊ လုံခြုံရေးကင်မရတွေကို ဆွဲဖြုတ်သူကဖြုတ်နဲ့ အတော်လေးကို ဝရုန်းသုန်းကားဆန်ခဲ့ပါတယ်။ လုံခြုံရေးဂိတ်ကိုလည်း တိုက်ခိုက်ခဲ့ပြီး မီးရှို့တာတွေ လုပ်ခဲ့ကြပါတယ်။

 

အမေရိကန်အာဏာပိုင်တစ်ဦးက စီဘီအက်စ်သတင်းသို့ ပြောကြားခဲ့မှုအရ သံရုံးအဆောက်အအုံဝင်း ကျိုးပျက်ခဲ့ခြင်းမရှိဘဲ ဆန္ဒပြသူတွေက နံရံပေါ် လှေကားတစ်စဉ်းနဲ့ တွယ်တက်ပြီး သံရုံးအပြင်ဘက် ဧည့်ကြိုနေရာဆီကို ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဧရိယာအတွင်းမှာ အီရတ်တပ်ဖွဲ့ဝင်တွေနဲ့ အဓိကရုဏ်းရဲတွေကို ဖြန့်ထားခဲ့ပြီးနောက်မှာတော့ ဆန္ဒပြပွဲ အရှိန်သေသွားခဲ့ပါတယ်။ ဒီအချိန်မှာ မျက်ရည်ယိုဓာတ်ငွေ့ကြောင့် အသက်ရှူကျပ်ခဲ့တဲ့ လူအယောက်ငါးဆယ်ကို ဘဂ္ဂဒက်ရှိ ဆေးရုံတွေမှာ ကုသနေရပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

 

ဝန်ကြီးချုပ် အမိန့်ထုတ် ဆန္ဒပြမှုစတင်ဖြစ်ပွားပြီး နာရီအနည်းငယ်အကြာမှာပဲ အီရတ်ဝန်ကြီး ချုပ် အဗ္ဗဒူလ်ဒီက ပြည်သူတွေအားလုံး အမေရိကန်သံရုံး အနီးအနား တစ်ဝိုက်ဧရိယာကနေ ထွက်သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ သံရုံးတွေနဲ့ ပြည်ပကိုယ်စားလှယ်တွေကို အနှောင့်အယှက်ဖြစ်စေတဲ့ တိုက်ခိုက်မှုတစ်ခုခု လုပ်ဆောင်လာရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အပြင်းအထန်ကာကွယ်တားဆီး သွားမှာဖြစ်တဲ့အပြင် ဥပဒေအရလည်း ပြင်းပြင်းထန်ထန်အပြစ်ပေးမယ်လို့ ဝန်ကြီးချုပ်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

 

ဒီကိစ္စမှာ အီရန်က တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေတယ်လို့ ယူဆထားတဲ့ သမ္မတထရမ့်က အီရန်ဟာ အမေရိကန် ကန်ထရိုက်တာတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး အများအပြားကို ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ ဒီကိစ္စကို ကျွန်ုပ်တို့ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တယ်။ အမြဲတမ်းလည်း ဒီလိုပဲတုံ့ပြန်နေဦးမှာပဲ။ အခုဆိုရင် အီရန်ဟာ အီရတ်မှာရှိတဲ့ အမေရိကန် သံရုံးကို တိုက်ခိုက်မှုပြုလုပ်စေဖို့ စီမံနေပြန်ပြီ။ ဒီအတွက် အီရန်အနေနဲ့ အပြည့်အဝတာဝန်ယူရမယ်။ ဒါ့အပြင် အီရတ်အနေနဲ့ ကျွန်ုပ်တို့ရဲ့ သံရုံးကို ၎င်းရဲ့ တပ်ဖွဲ့ဝင်တွေသုံးပြီး အပြည့်အဝကာကွယ်ပေးဖို့ မျှော်လင့်တယ်လို့ သမ္မတထရမ့်က တွစ်တာပေါ်မှာ ရေးသားခဲ့တာပါ။

 

ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါက အမှတ်စဉ် (၈၂) လေကြောင်းဌာန ခွဲက တပ်ဖွဲ့ဝင်တွေကို သမ္မတရဲ့ ညွှန်ကြားချက်နဲ့ ချထားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တပ်ဖွဲ့ဝင် ၇၅ဝ ကို အကြမ်းဖျင်းချထားမယ့် ကိစ္စဟာ အမေရိကန်နိုင်ငံသားတွေကို ပိုမိုခြိမ်းခြောက်လာတဲ့ အဆင့်အတွက် သင့်တော်ပြီး ကြိုတင်ကာကွယ်တဲ့ ဆောင်ရွက်ချက်တစ်ခုလည်း ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ကြေညာခဲ့ပါတယ်။ ။

 

ကိုးကား- ဘီဘီစီ

ကလျာမိုးမြင့်