နမ့်ဆန် ၂ ဇန်နဝါရီ
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည့် လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် လက်ဖက်တောင်သူများအား ထောပတ်ပင်နှင့် မက်ကာဒေးမီးယားမျိုးပင်များကို လက်ဖက်ခြံတွင် ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်ဒေသတွင် လက်ဖက်တစ်မျိုးတည်းကိုသာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင် လာလျက်ရှိပြီး လက်ဖက်တောင်သူများ အပိုဝင်ငွေရရှိနိုင်မည့် အခွင့်အရေးကို ဖော်ဆောင်ပေးသည့် အနေဖြင့် လက်ဖက်ပင်များကြားတွင် ကြားညှပ်သီးနှံများ ဖြစ်ထွန်းအောင်မြင်နိုင်သည့် ထောပတ်ပင် များ၊ မက်ကာဒေးမီးယားအပင်များကို စိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့များ ဝယ်ယူစုဆောင်းထားပြီး ကျေးရွာပြည်သူ လက်ဖက်တောင်သူများတို့နှင့် ပူးပေါင်းကာ နည်းပညာပေး ပျိုးထောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်း အကောင်အထည်ဖော်ဆောင်နိုင်ရေး ဒေသဦးစီးအဖွဲ့မှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ကိုအောင်မိုး