ကျောက်ပန်းတောင်း ၂ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာများသည် ဆောင်းသီးနှံဖြစ်သည့် ကြက်သွန်နီအမြောက်အများ စိုက်ပျိုးကြပြီး ယခုနှစ်ဆောင်းကြက်သွန်နီ စိုက်ပျိုးချိန် ကြက်သွန်စိုက်သမခ(ကြက်သွန်စိုက်သူ) ဈေးနှုန်းကြီးမြင့် နေကြောင်း မုန့်ကုန်းကျေးရွာ ကြက်သွန်နီစိုက်တောင်သူ ဦးနန်းတင်က ပြောသည်။

 

2

 

ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်တမံ(ဆည်) အတွင်းစီးဝင်သည့် ဆည်ပေါက်ချောင်းခေါ် ကြက်မောက်တောင်ချောင်းသည် ပုပ္ပားတောင်မကြီးဘက် သံဘိုရွာဘက်မှ စတင်ကာ မိုးရာသီမှသာ ချောင်းရေစီးဆင်းပြီး ဆောင်းကြက်သွန်စိုက်ချိန်တွင် ကြက်မောက်တောင် ချောင်း တစ်လျောက်နှင့် ဆည်ပတ်ဝန်းကျင်ကျေးရွာ  (၂၀)ကျော် ကြက်သွန်နီအမြောက်များ စိုက်ပျိုးကြကြောင်းသိရသည်။ စိုက်ပျိုးချိန်ဖြစ်သည့် ယခုအချိန်တွင် ကြက်သွန်စိုက်သမတစ်ဦး ငါးထောင်ကျပ်ပေးရပြီး တစ်နေ့လျှင် ကြက်သွန်စိုက်ချိန် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ စိုက်ကြကာ နေ့ခင်းပိုင်းနားချိန်ပြီးလျှင် မွန်းလွဲ ၂ နာရီခွဲမှ ညနေ ၄ နာရီထိ ငါးထောင်ကျပ် ပေးရကြောင်း၊ ကြက်သွန်စိုက်ပျိုးရာတွင် မကြုံဘူးသည့် တစ်နာရီ ၁၀ဝ၀ ကျပ်ဖြစ်သည် အထိ ကြက်သွန်စိုက်သမစရိတ် ကြီးမြင့်လာကြောင်း လဲဂွကျေးရွာ ကြက်သွန်စိုက်တောင်သူ ဒေါ်စိုးစိုးက ပြောပြသည်။

 

အချိန်နှင့် ငှားရမ်းစိုက်ပျိုးမှုများလာကာ ကိုယ်လုပ်နိုင်သည့် နာရီများများသလောက်ရရှိခြင်းကြောင့် နံနက် ၅ နာရီမှထကာ သွားရောက်စိုက်ကြပြီး ညနေပိုင်း ၆ နာရီထိ စိုက်ပျိုးကြခြင်းကြောင့် တစ်ရက်လျှင် ၁၃ နာရီအထိ အလုပ်လုပ်ခြင်းကြောင့် ကြက်သွန်စိုက်သမတစ်ဦးလျှင် ငွေကျပ် ၁၃၀ဝ၀ ကျပ်ထိ ရရှိနေကာ ကြက်သွန်စိုက်သမများ တွက်ခြေကိုက်နေကြကြောင်း လက်ပံအိုင့်ကျေးရွာ ဒေါ်အုန်းပွင့်က ပြောသည်။

 

ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများသည် ကြက်သွန်စိုက်ပျိုးမှုများခြင်းကြောင့် စိုက်ပျိုးချိန် တစ်ချိန်တည်းတွင် စုပြုံစိုက်ပျိုးကြခြင်းနှင့် ကြက်သွန်းဧကဝက်ခန့်စိုက်လျှင် ကြက်သွန်စိုက် သမ ၄၀ ကျော်စိုက်ပျိုးရကြောင်း၊ ကြက်သွန်ပျိုးထောင်ထားသည့် မျိုးပင်တစ်ပင်ခြင်းကောက်ကာ ၄ လက်မ (သို့) ၅ လက်မခန့်ခြားကာ စိုက်ကွက်ထဲ မြေထိုးစိုက်ရကြောင်း၊ ပျိုးထောင်ချိန် ၄၅ ရက်၊ စိုက်ခင်းထဲ ရက်ပေါင်း ၉၀ ခန့်ကြာပြီး ဆောင်းကြက်သွန်လုပ်ငန်းသည် အရင်းနှီးကြီးကြောင်း၊ မြေဆီဖိုး၊ ရွက်ဖျန်းဈေး၊ ထွန်းရှဉ်းခ၊ ထွန်စက်ခ၊ ကြက်သွန်စိုက်သမခ၊ ကြက်သွန်စေ့မျိုးဖိုး၊ ရေးဖျန်းချိန် စက်ဆီဖိုး (ဒီဇယ်စက်ဖြင့်ဖျန်းခြင်း၊ ဓာတ်ဆီဖြင့်ဖျန်းခြင်း)၊ ကြက်သွန်နုတ်သိမ်းချိန် နုတ်ခများ ဆောင်းကြက်သွန် တစ်သီးစိုက်ပျိုးချိန် တစ်ဧက သိန်း(၂၀)ခန့် ကုန်ကျကြောင်း  ကြက်သွန်စိုက်တောင်သူ ဒေါ်စိုးစိုးက ပြောသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)