လားရှိုး ၂ ဇန်နဝါရီ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့ ဒုတိယပြည်နယ် ဦးစီးမှူးရုံးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရသည့် ရည်ရွယ်ချက်များမှာ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြားကာလရှိ မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာ သုတေသနပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော အညွှန်းကိန်းများ ရရှိနိုင်ရန်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးစိုးလင်းအောင်က အဖွင့်အမှာစကား၌ ပြောကြားခဲ့သည်။
လားရှိုးခရိုင်အနေဖြင့် မြို့နယ်(၅)မြို့နယ်တွင် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေး အတွက် ကောက်ကွက်ပေါင်း (၆၃)ကွက်ရှိပြီး လားရှိုးမြို့နယ်တွင် ကောက်ကွက်(၂၁)ကွက်၊ သိန္နီမြို့နယ်တွင် ကောက်ကွက်(၅)ကွက်၊ တန့်ယန်းမြို့နယ်တွင် ကောက်ကွက်(၁၂)ကွက်၊ မိုင်းရယ် မြို့နယ်တွင် ကောက်ကွက်(၆)ကွက်နှင့် ကွမ်းလုံမြို့နယ်တွင် ကောက်ကွက်(၁၉)ကွက်ရှိကြောင်း သိရှိရသည်။ စာရင်းကောက်ကွက် (၁)ကွက်၌ အိမ်ထောင်စု(၃၅)စု ပါဝင်မည်ဖြစ်ကာ အဆိုပါ သင်တန်းအား ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ ဇန်နဝါရီ ၁၂ ရက်အထိ သင်တန်းဆရာ(၅)ဦးတို့မှ ပို့ချမည်ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ မြို့နယ်(၅)မြို့နယ်မှ သက်ဆိုင်ရာ သင်တန်းသား အားလုံး တက်ရောက်ကြကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)