အင်္ဂပူ ၂ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အင်္ဂပူမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေ ပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် အစီအစဉ်ကျင်းပနိုင်ရေးအတွက် အစမ်းလေ့ကျင့်မှု များကို ယနေ့နံနက်ပိုင်းက အ.ထ.က(ကွင်းကောက်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစမ်းလေ့ကျင့်မှုများ ဆောင်ရွက်ရာတွင် ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းနှင့် မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးရာ၌ အစီအစဉ်တကျရှိစေရေး၊ ဖျော်ဖြေရေးကဏ္ဍ၊ ပြခန်းများနှင့် ပြိုင်ပွဲများကျင်းပရာ၌ စနစ်တကျရှိစေရေးတို့ကို ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန ဒုတိယတိုင်းဉီးစီးမှူး ဒေါ်မလာဝင်း၊ အင်္ဂပူမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဉီးရဲရင့်လှိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပွဲတော်ကျင်းပရေး ကော်မတီအဖွဲ့များက ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ကလေးစာပေပွဲတော်ကို ဇန်နဝါရီ ၃ ရက်မှ ၄ ရက်အထိ နှစ်ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပြီး ပွဲတော်တွင် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ အင်္ဂပူမြို့နယ်ပြခန်း၊ အခြေခံပညာဦးစီးဌာနပြခန်း၊ မြို့နယ်ရဲတပ်ဖွဲ့ပြခန်း၊ မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ပူးပေါင်းပြခန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် လူထုဗဟိုပြု စီမံကိန်း ပူးပေါင်းပြခန်း၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနများ၏ ပူးပေါင်းပြခန်းများအပြင် ကလေးစာဖတ်ခန်း၊ ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ စက္ကူခေါက်၊ ဆေးရောင်ခြယ်၊ အရုပ်ဆက်၊ စကားပုံဆက်၊ အိမ်ဆောက် စသည့် ပြိုင်ပွဲများနှင့် ထုပ်ဆီးတိုးပြိုင်ပွဲ၊ အိတ်စွတ်ပြိုင်ပွဲ၊ ဘဲဖမ်းပြိုင်ပွဲများ၊ ကျောင်းပေါင်းစုံ ပဒေသာကပွဲ အစီအစဉ်များ၊ စာပေဟောပြောပွဲ၊ စာအုပ်ဈေးရောင်းပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မန်းကျော်(အင်္ဂပူ)
