မြောင် ၂ ဇန်နဝါရီ
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်၊ မြောင်မြို့ မြို့တော်ခန်းမ အဆောက်အဉီသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါ ခန်းမရှေ့၌ ကျင်းပခဲ့သည်။
ရှေးဉီးစွာ မြို့တော်ခန်းမ အဆောက်အဉီသစ်အား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဉီးမြင့်ကြည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးလှငွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်နိုင်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြတ်မွန်နှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဉီးသစ်ထူးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်ပြီး မြို့တော်ခန်းမဖွင့်ပွဲ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၀ ပြည့်နှစ် နှစ်သစ်ရဲ့ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ယခုလို မြောင်မြို့အတွက် မြို့တော်ခန်းမသစ်ကြီးကို မင်္ဂလာရှိစွာဖြင့် ဖွင့်လှစ်ရတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ အစိုးရလက်ထက်မှာ အခြားသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စည်ပင်သာယာရေး လုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ကြိုးစား ဆောင်ရွက် ပေးလျက်ရှိသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့များဟာ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး မြောင်မြို့တော်ခန်းမကြီးကဲ့သို့ပင် အခြားသောမြို့ကြီးများတွင်လည်း မြို့တော်ခန်းမများ ဆောက်လုပ် ပေးလျက်ရှိပါကြောင်းနှင့် ပြည်သူများထံမှ ကောက်ခံရရှိသည့် အခွန်၊ အခ၊ အကောက်များဖြင့် မြို့အတွက် လမ်း၊ တံတား၊ ရေပေးရေး၊ သန့်ရှင်းသာယာလှပရေး၊ မြို့အင်္ဂါရပ်နှင့်ညီစေရေး စသည်ဖြင့် ဘက်စုံထောင့်စုံမှ ပြန်လည်ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မုံရွာမြို့ မြို့တော်ခန်းမအား အဆင့်မြှင့်တင် အကြီးစား ပြင်ဆင်ပေးခဲ့ပြီး ရွှေဘိုမြို့တွင်လည်း မြို့တော်ခန်းမသစ်အား ဖွင့်လှစ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဒါ့အပြင် အင်းတော်နှင့် ပုလဲမြို့များတွင်လည်း မြို့တော်ခန်းမသစ်များ တည်ဆောက်ပေးလျက်ရှိပြီး ယင်းမာပင်၊ ကျွန်းလှနှင့် ကနီမြို့များတွင် ယခင်ရှိပြီးသား မြို့တော်ခန်းမများအား ခေတ်နှင့်လျော်ညီစွာ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ပေးလျက်ရှိတဲ့အတွက် မိမိတို့အစိုးရအဖွဲ့နေဖြင့် မြို့ရွာများအား အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း။
ထို့အပြင် မြို့များ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက် သာယာလှပစေရေးအတွက် လိုအပ်သည့် အမှိုက်သိမ်းယာဉ်၊ စက်ယန္တရား၊ အမှိုက်ပုံး၊ အမှိုက်သံကန်များ၊ မြို့နယ်အလိုက် ရပ်ကွက်တွင်း ကိုယ့်အားကိုယ်ကိုးလမ်းများအတွက် လိုအပ်သော ဘိလပ်မြေ၊ ကတ္တရာများကိုလည်း တစ်မြို့နယ် ချင်းအလိုက် ကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်းနှင့် ယခုလို မြောင်မြို့အတွက် မြို့ဂုဏ် ကျက်သရေဆောင် မြို့တော်ခန်းမသစ်ကြီး ဆောက်လုပ်ဖွင့်လှစ်ပြီး ဖြစ်သည့်အတွက် ရေရှည် ခိုင်ခံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းပြီး စည်ပင်သာယာနှင့် ပြည်သူလူထုတို့ ပူးပေါင်း ဆောင်ရွက် သွားကြပါလို့ တိုက်တွန်းအမှာစကား ပြောကြားသည်။
ထို့နောက် မြောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဉီးတင်ထွန်းက မြို့တော်ခန်းမ တည်ဆောက်ပေးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီး ဖွင့်ပွဲ အထိမ်းအမှတ်အလံကို ပေးအပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ လက်ခံရယူပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
မြောင်မြို့ မြို့တော်ခန်းမ အဆောက်အဉီသစ်သည် အလျားပေ (၁၂၀)၊ အနံပေ (၆၀)၊ အမြင့် (၁၆)ပေရှိသော (RC တစ်ထပ်အဆောက်အဉီ)ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၅၉ ဒသမ ၂ သန်းဖြင့် ၂၀၁၉ ခုနှစ် မတ်လမှစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်မြို့ အိုးအိမ်ဉီးစီးဌာနမှ ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၄ ထပ် အဆောက်အဉီသစ် (၂)လုံး တည်ဆောက်ပြီးစီးမှု အခြေအနေ၊ မြောင်မြို့ဝင်တွင် ပြုလုပ်ထားသော အင်္ဂလိပ်စာလုံးဖြင့် WELCOME TO MYAUNG ဆိုင်းဘုတ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများမှ တင်ပြသော ကလေးကစားကွင်းဆောက်လုပ်မည့် မြေနေရာတို့အား ကြည်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)