ကျိုင်းတုံ ၂ ဇန်နဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ကျိုင်းတုံခရိုင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးကျော်ဇောက ကြားဖြတ်လူဦးရေစာရင်း ကောက်ယူရသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး ကြားဖြတ်စာရင်း ကောက်ယူရာတွင် ၂၀၁၄ ခုနှစ်က မေးခွန်းစာရွက်ကို အသုံးပြုသည့် နည်းဖြင့် ကောက်ယူမည်မဟုတ်ဘဲ Mobile Tablet ဖြင့် ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း မေးမြန်း စာရင်းကောက်ယူသည့် စနစ်(CAPI)ကို အသုံးပြုကောက်ယူသွားမည်ဖြစ်၍ သင်တန်းသားများ အနေဖြင့် လက်တွေ့မြေပြင် ကွင်းဆင်းချိန်တွင် အခက်အခဲမရှိ ဆောင်ရွက်နိုင်ရေး ကြိုးစားလေ့လာ သင်ယူရန် ပြောကြားသည်။
သင်တန်းတွင် ကျိုင်းတုံခရိုင်အတွင်း မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ ၂၃ ဦး တက်ရောက်ပြီး ဇန်နဝါရီ ၂ ရက်မှ ၁၂ ရက်ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)