နမ့်စန်(တ) ၂ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နေ ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်ရန် ဟိုတန့်ရေထွက်မှ နမ့်စန်မြို့သို့ သောက်သုံးရေ သွယ်တန်းယူနိုင်ရေးအတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း ဦးဆောင်သည့် ကွင်းဆင်း စိစစ်ရေးအဖွဲ့သည် ဇန်နဝါရီ ၁ ရက် နေ့လယ်ပိုင်းက နမ့်စန်မြို့နယ် စည်ပင်သာယာရေးဌာနတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ပြီး ရေထွက်နှင့် ရေသွယ်တန်းယူမည့် လုပ်ငန်း နေရာများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ အဖွဲ့သည် နမ့်စန်မြို့နယ် စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဌာနအကြီးအကဲများနှင့် တွေ့ဆုံခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက နမ့်စန်မြို့၏ ရေပေးဝေရေးဆိုင်ရာ အချက်အလက်များ၊ လက်ရှိ မြို့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လွိုင်တန့်(ဟိုတန့်) ရေထွက်ဆိုင်ရာ အချက်အလက်များကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း ဦးဆောင်သော အဖွဲ့သည် အမှတ်(၅)ရပ်ကွက်ရှိ မြို့ရေပေးဝေရေး တောင်ပေါ်ရေကန်၊ အမှတ်(၄)ရပ်ကွက်ရှိ ရေစုကန်လျာထားသည့် မြေနေရာ၊ မြို့ဦးရေကန်နှင့် နမ့်စန်မြို့မှ ၁၀ မိုင်ကျော် ကွာဝေးသည့် လွိုင်တန့်(ဟိုတန့်)ရေထွက် နေရာတို့အား သွားရောက်ကွင်းဆင်း၍ ရေသွယ်ယူနိုင်မည့် လုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)