ကျိုက်ထို ၂ ဇန်နဝါရီ
နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ကျိုက်ထိုမြို့၌ ဘုရားဖူးလာ ပြည်သူများဖြင့် အထူး စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့သည် မွန်ပြည်နယ်အတွင်း တန်ခိုးကြီးဘုရားများနှင့် အပန်းဖြေအနားယူ လည်ပတ်နိုင်သော နေရာအနှံ့အပြားရှိသည့် မြို့ဖြစ်သည့်အပြင် ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားသို့ ရပ်ဝေးရပ်နီးမှ ပြည်သူများ လာရောက်ဖူးမြော်သူများမှာ တစ်နေ့လျှင် လူပေါင်းတစ်သိန်းအထက်ရှိကြောင်း သိရသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားသို့ လာရောက်ဖူးမြော်သူများမှာ အပြန်တွင် ရေတံခွန်၌ အနားယူ အပန်းဖြေပြီး ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူဘုရား၊ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား၊ မဟာမုနိသွန်း ဘုရားကြီးများကို ဝင်ရောက်ဖူးမြော်ကြကာ တစ်ခြားအပန်းဖြေစခန်းများတွင်လည်း အနားယူ အပန်းဖြေလျက်ရှိသည့်အတွက် ကျိုက်ထိုမြို့၌ စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)