ပွင့်ဖြူ ၂ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၃၆၅ ဒသမ ၇၁ သန်းဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ၂၁ ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေများဖြင့် မြို့တွင်းရှိ ရေနုတ်မြောင်းများ တူးဖော်ခြင်း ၊ ကတ္တရာလမ်းများ ချဲ့ထွင်ပြုပြင်ခြင်း ၊ ဈေးတွင်း လမ်းများ ကောင်းမွန်အောင် ပြုပြင်ခြင်းနှင့် မြို့ပြသာယာလှပရေး လမ်းဘေးပလက်ဖောင်းများ ပြုပြင်မွမ်းမံခြင်း၊ ပန်းအလှပင် များနှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်း ၊ ရပ်ကွက်များအတွင်း အမှိုက်များ စနစ်တကျ သိမ်းဆည်းခြင်းလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ဌာန၏ ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့ပြ ဖွံ့ဖြိုး ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဌာနခွင့်ပြု ငွေလုံးငွေရင်းရန်ပုံငွေနဲ့ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း (၂၁)ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အကောင်အထည်ဖော်ဆောင်ရွက်မယ့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေကတော့ မြို့တွင်းလမ်းများဖြစ်တဲ့ (၃)လမ်း အရှည်ပေ ၃၃၆၀ အား ခွင့်ပြုငွေကျပ် (၃၆)သန်းဖြင့် ကတ္တရာလမ်း အကျယ်ချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း၊ (၅)လမ်း အရှည်ပေ ၅၆၉၀ အား ခွင့်ပြုငွေကျပ် (၁၃၈ ဒသမ ၄)သန်းဖြင့် ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း ၊ (၂)လမ်း အရှည်ပေ (၂၃၀ဝ) အား ခွင့်ပြုငွေကျပ် ( ၃၀ ဒသမ ၂၅ ) သန်းဖြင့် ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း ၊ ခွင့်ပြုငွေကျပ် ( ၁၈ ) သန်းဖြင့် အလျား(၂၀ ပေ× ၇ ပေ ×၄ ပေ)ရှိ ကွန်ကရစ်တံတား(၆)စင်း တည်ဆောက်ခြင်း ၊ ခွင့်ပြုငွေကျပ် ( ၁၀၇ ဒသမ ဝ၆ )သန်းဖြင့် အရှည်ပေ ၅၅၂၀ အုတ်ရေနုတ်မြောင်း (၃)ခု တူးဖော်ဆောင်ရွက်ခြင်း ၊ ခွင့်ပြုငွေကျပ်(၈)သန်းဖြင့် အခြားလုပ်ငန်း(၁)ခု နဲ့ ခွင့်ပြုငွေကျပ် ( ၂၈ )သန်းဖြင့် (ယာဉ်/စက်) ဝယ်ယူခြင်းလုပ်ငန်း(၁)ခု ၊ စုစုပေါင်း မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း(၂၁)ခုကို ဌာနခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေကျပ် ( ၃၆၅ ဒသမ ၇၁ ) သန်းဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေ အမြန်ဆုံးကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ပွင့်ဖြူမြို့နယ် စည်ပင်သာယာ်ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဝင်း က ပြောပြသည်။
ရဲဝင်းနိုင်(ညောင်ဦး)