ညောင်ဦး ၂ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ် မြတ်ပါရမီပရဟိတလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အသင်းဝင်များ ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂ ရက်  မွန်းလွဲ ၁ နာရီက ညောင်ဦးမြို့နယ် မြကန်သာကျေးရွာ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား စတုဒီသာ ကျွေးမွေးခြင်းနှင့် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ် မြကန်သာကျေးရွာရှိ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၉ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရပြီး ယနေ့မွန်းလွဲပိုင်းက အဆိုပါ စာသင်ကျောင်းရှိ ကျောင်းသား ကျောင်းသူများ ကျောင်းနေပျော်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကာ ညောင်ဦးမြို့နယ် မြတ်ပါရမီ ပရဟိတ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အသင်းသားများအဖွဲ့က ပညာသင်ကြားပေးသည့်ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ကြက်သား၊ ဝက်သားဟင်းများဖြင့် ဆီထမင်း အာဟာရဒါန စတုဒိသာကျွေးမွေးခြင်း၊ ရေသန့်ဘူးတစ်ဘူးစီနှင့် မုန့်မျိုးစုံ ပေးဝေလှူဒါန်းခြင်း၊ ကျောင်းသားကျောင်းသူတစ်ဦးလျှင် ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ (၂) ချောင်း၊ ပေတံ (၁)ချောင်း၊ ခဲဖျက်(၁)ခု၊ ခဲချွန်စက်(၁)ခု၊ ကဗျာစာအုပ် (၁)အုပ်စီ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တို့ ညောင်ဦးမြို့နယ် မြတ်ပါရမီ ပရဟိတအသင်းအဖွဲ့သားတွေ ညောင်ဦးမြို့နယ် မြကန်သာကျေးရွာရှိ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းကို သွားရောက်ပြီး ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေကို စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းနှင့် စာရေးကိရိယာပစ္စည်းတွေ ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်။ ဒီစာသင်ကျောင်းလေးက ကျွန်တော်တို့ မြို့နယ်ရဲ့ အစွန်အဖျားမှာရှိတဲ့ ကျေးရွာလေးဖြစ်ပါတယ်။ အလှမ်းဝေးတဲ့အတွက် လူမှုကူညီရေးအဖွဲ့တွေ အရောက်အပေါက် နည်းပါတယ်။ စာသင်ကျောင်းမှာရှိတဲ့ ကျောင်းသားကျောင်းသူလေးတွေဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် ပညာသင်ကြားရေးမှာ အခက်အခဲများ ရှိနေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အဖွဲ့တွေ သွားရောက်လှူဒါန်းပေးရခြင်းဖြစ်ပါတယ်။ ဒီနေ့ လှူဒါန်းပေးတာကတော့ ကျောင်းသားတစ်ဦးကို ဗလာစာအုပ်(၁)ဒါဇင်စီနဲ့ ခဲတံ၊ ပေတံ၊ ခဲဖျက်၊ ခဲချွန်စက် အပါအဝင် ဉာဏ်ရည်ဖွံ့ဖြိုးစေရေး ကဗျာစာအုပ်(၁)အုပ်စီ ထောက်ပံ့လှူဒါန်းပေးပါတယ်။ ဒါ့အပြင် မုန့်ဖိုးအနေနဲ့ တစ်ဦးကို ငွေကျပ် ၂၄၀ဝ စီ လှူဒါန်းပေးခဲ့ပါတယ်။ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းမှာရှိတဲ့ ကျောင်းသားကျောင်းသူလေးတွေကို ကျွန်တော်တို့လိုပဲ တစ်ခြားသော ပရဟိတအဖွဲ့များကိုလည်း သွားရောက်လှူဒါန်းပေးစေချင်ပါတယ်” ဟု ညောင်ဦးမြို့နယ် မြတ်ပါရမီ ပရဟိတလူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင်က ပြောပြသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)