ရန်ကုန် ၂ ဇန်နဝါရီ
ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(ရန်ကုန်)၏ တတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာပြပွဲကို ရန်ကုန်မြို့ Lotte ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲကျင်းမည့်အကြောင်းနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Lotte ဟိုတယ်၌ ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ရာ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(ရန်ကုန်)နှင့် ပြပွဲဖြစ်မြောက်ရေးဗဟိုကော်မတီ ဉက္ကဌ ဉီးသိန်းဝင်းဇော်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့်ပတ်သက်၍ အကျဉ်းချုပ် ပြောကြားသည်။
ထို့နောက် အသင်း၏ ဘဏ္ဍာရေးမှူး ဉီးသီဟန်သိန်းက ပြပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ပြပွဲအကြောင်း ကမ္ဘာဈေးကွက်တွင် ပိုမိုပျံ့နှံ့သိရှိလာစေရန်နှင့် နိုင်ငံတကာ ကျောက်မျက်ရတနာကုန်သည်များ လာရောက်ဝယ်ယူနိုင်ရေးအတွက် လုပ်ဆောင်ထားမှုများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ရာကဏ္ဌအလိုက် စီမံဆောင်ရွက်ထားရှိမှုများအကြောင်းကို အသင်းတာဝန်ရှိသူများက သတင်းမီဒီယာများကို ရှင်းလင်းပြောကြားခဲ့သည်။
“ကျွန်မတို့တိုင်းပြည်ကထွက်တဲ့ ကျောက်မျက်ရတနာတွေနဲ့ပတ်သက်ပြီး နိုင်ငံအတွင်းမှာ ကျောက်မျက်ရတနာဈေးကွက်ရာနှုန်းပြည့် ဖြစ်ထွန်းပေါ်ပေါက်လာစေဖို့နဲ့ မြန်မာ့မြေကထွက်တဲ့ ကျောက်မျက်ရတနာများနဲ့ ပတ်သက်ပြီး ကိုယ့်မြေမှာပဲ ဂုဏ်ယူဝင့်ကြွားစွာ ရောင်းချချင်ပါတယ်။ ပြီးတော့ ကျောက်မျက်ရတနာက ရရှိတဲ့အခွန်နဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ချင်တဲ့အတွက် အခုလိုကျင်းပဖြစ်တာပါ” ဟု ပြပွဲကျင်းပရခြင်းအကြောင်းနှင့် ပတ်သက်၍ အသင်း၏ ဒုတိယဥက္ကဌ (၄) ဒေါ်မြင့်သက်နိုင်က ပြော ကြားခဲ့သည်။
ပြပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၄ ရက်တိုင် နံနက် ၁၀ နာရီမှ ည၈ နာရီ အထိ ခင်းကျင်းပြသမည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ဝယ်ယူရောင်းချသူများမှ မျက်မြင်စနစ်ဖြင့် ဈေးနှုန်းညှိနှိုင်းပြီး တိုက်ရိုက်ရောင်းဝယ်သည့်စနစ်နှင့် Sealed-bid Auction စနစ်များဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဝယ်ယူသော ကျောက်မျက်ရတနာများ စစ်မှန်မှုရှိ/မရှိ ကို အလွယ်တကူ စစ်မေးနိုင်ရန်အတွက် ကျောက်မျက်ရတနာစစ်ဆေးသည့် ဓာတ်ခွဲခန်းနှင့် ပညာရှင်များ ထားရှိဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာပြပွဲ၌ ဆိုင်ခန်းပေါင်း ၁၂၈ ခန်း ပြဝင်ပြသရောင်းချမည်ဖြစ်ပြီး အသိပညာပေးဆွေးနွေးပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျောက်မျက်ရတနာအတွဲပေါင်း ၇၄ တွဲကို လေလံတင်ရောင်းချမည်ဖြစ်ပြီး ကြမ်းခင်းဈေး ဒေါ်လာ ၂၀၀၀ မှ ဒေါ်လာ ၁၂ သိန်းတန်ဖိုးရှိ ကျောက်မျက်ရတနာအတွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း