နေပြည်တော် ၃ ဇန်နဝါရီ
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် ပိတ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Gold Camp ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ မှညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူနည်းပြ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကျောင်းသားကျောင်းသူများအနေဖြင့် ယခုကဲ့သို့ အားကစားလုပ်ခြင်းဖြင့် ကျန်းမာရေး ပိုမိုကောင်းမွန် လာစေမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများတွင် အနိုင်အရှုံးထက် ကျန်းမာဖို့သာလျှင် အဓိကဖြစ်ပြီး ကျောင်းသား ကျောင်းသူများ ကျန်းမာမှသာလျှင် ဆေးရုံဆေးခန်းများသို့သွားရန် မလိုအပ်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မောင်တို့မယ်တို့ အနေဖြင့် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် လုပ်ဆောင်ရန် အရေးကြီးပါကြောင်း၊မိမိ တို့ဝန်ကြီးဌာနအနေဖြင့် ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများ တည်းခိုနိုင်ရန် အခမဲ့ စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိပါက အုပ်ချုပ်သူများ အနေဖြင့် ပွင့်လင်းစွာ အကြံပြုပေးကြစေလိုပြီး လာမည့်နှစ်ပြိုင်ပွဲများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် မွေးကင်းစမှ သက်ကြီး ရွယ်အိုအထိ လူတိုင်းအတွက် တစ်ဦးချင်းစီ၏ရပ်တည်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ကလေးသူငယ် အခွင့်အရေး (၄)မျိုးဖြစ်သည့် အသက်ရှင်သန်ခွင့်၊ စောင့်ရှောက်ခံပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်မှု ရှိရန်နှင့် ပါဝင်နိုင်ခွင့်ရှိရန်တို့ဖြစ်ပါကြောင်း၊ယင်း(၄)မျိုးကိုသိရှိပါက မိမိတို့ကဲ့သို့အခြားသူ များသည်လည်း အစောင့်ရှောက် ခံခွင့်ရှိရမည်ဖြစ်ပြီး အပြန်အလှန် စောင့်ရှောက်ပေး နိုင်မည် ဖြစ်ပါကြောင်း၊ မိမိ၏အခွင့်အရေးရပြီး သူများအတွက် ဆောင်ရွက်ပေးခြင်းဖြင့် အခွင့်အရေးနှင့် တာဝန်ကို ယှဉ်တွဲသည့်အခါ ဒီမိုကရေစီကျင့်စဉ်ဟုခေါ်ပြီး ယင်းနှစ်ခုမျှတမှသာ ဒီမိုကရေစီ ထွန်းကားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာ ကျောင်းသား အားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ပံ့ပိုးကူညီသည့် မြန်မာအိုအေစစ် ကုမ္ပဏီလီမိတက် Royal D မှ ဒါရိုက်တာ ဦးဝေလင်းအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခုကဲ့သို့ အားကစား ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဦးစီးဆောင်ရွက်သည့် အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန် ရှိသူများ၊ အားကစားအဖွဲ့ချုပ်များ၊ အလှူရှင်များအားလုံးကို ပညာရေးဝန်ကြီးဌာန ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ယခုကဲ့သို့ Gold Camp တွင် တည်းခိုနိုင်ရန် နိုင်ငံတော်အဆင့်၊ နိုင်ငံတကာအဆင့် အားကစား သမားများ၊ ထူးချွန်သည့် အားကစား သမားများသာလျှင် တည်းခို၍ ရသည့် နေရာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်များမှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် လာရောက် တည်းခိုနေထိုင်ပြီး နိုင်ငံတကာအဆင့်ဖြစ်သည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် ဆက်စပ်အားကစားကွင်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသည့် အခွင့်အလမ်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကူညီပံ့ပိုးပေး မှုကြောင့် ဖြစ်သည့်အတွက် မှတ်တမ်းတင် ကျေးဇူးတင်ရှိပါကြောင်း။
ပြိုင်ပွဲ (၄)မျိုးကျင်းပနိုင်ရန် ကူညီပေးခဲ့ကြသည့် သက်ဆိုင်ရာအဖွဲ့ချုပ်များမှ ဒိုင်လူကြီးများနှင့်တာဝန်ရှိ သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ဆုရရှိမှု အခြေအနေများကိုကြည့်လျှင်လည်း တစ်နှစ်ပတ် လုံး စနစ်တကျလေ့ကျင့် ယှဉ်ပြိုင်သော အသင်းများ အောင်မြင်မှုရရှိကြသည်ကို တွေ့ရှိရပါကြောင်း၊ ပြိုင်ပွဲများကို ယှဉ်ပြိုင်ရာ တွင် အားကစားသမားကောင်းစိတ်ဓာတ်၊ အသက်မှန်ကန်စွာ တရားမျှတစွာ ယှဉ်ပြိုင် ခြင်းကို အားပေးလျက်ရှိပါကြောင်း၊ ယခုနှစ်တွင် အားကစားနည်း(၄)မျိုးကိုသာ ကျင်းပ နိုင်ခဲ့ပြီး လာမည့်နှစ်တွင် ရေကူး၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်အားကစား နည်းများ ကို ထည့်သွင်းပြီး အားကစားနည်း (၇)မျိုးဖြင့် ယှဉ်ပြိုင်နိုင်စေရန် တာဝန်ရှိသူများ အနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား သည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၂ ရက်အထိ အားကစား နည်း (၄)မျိုး(ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း)ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်