မန္တလေး ၃ ဇန်နဝါရီ
မန္တလေးမြို့၊ အမရပူရမြို့နယ်အတွင်းရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတွင် ပထမဆုံးအကြိမ် အဖြစ် ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲများ၊ ပြပွဲများနှင့် ဈေးရောင်းပွဲတော်တွင် စက်ရက်ကန်းနှင့် လက်ရက်ကန်း ဒီဇိုင်းပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲ၊ ပြိုင်ပွဲများကို နေ့စဉ် နံနက် ၉ နာရီမှ ည ၈ နာရီအထိ ကျင်းပသွားမည်ပြီး စက်ရက်ကန်းဒီဇိုင်းပြိုင်ပွဲနှင့် လက်ရက်ကန်းဒီဇိုင်းပြိုင်ပွဲများအပြင် ချည်မျှင်နှင့် အထည်အလိပ်ဒီပလိုမာ ကျောင်းဆင်းလက်ရာပြိုင်ပွဲ၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများ၏ ကျောင်းဆင်း လက်ရာပြိုင်ပွဲ၊ ပြင်ပရက်ကန်းပညာရှင် အဆင့်ပြိုင်ပွဲများနှင့် ဈေးရောင်းပွဲတော်များလည်း ပါဝင်မည် ဖြစ်ကာ ရက်ကန်းပညာရှင်များ၏ ဆန်းသစ်တီထွင် နိုင်မှုကို ဖော်ထုတ်ရန်၊ ရက်ကန်းပညာရပ်များ ပြန့်ပွားစေရန်နှင့် ရက်ကန်းလုပ်ငန်းများ တိမ်ကောပပျောက်မှု မရှိစေရန် ရည်ရွယ်၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“စက်ရက်ကန်းမှာဆိုရင် သဘာဝချည်နဲ့ ကြိုက်နှစ်သက်ရာ ဆိုးဆေးသုံးပြီး ရက်ခတ်တဲ့ပြိုင်ပွဲ၊ လက်ရက်ကန်း မှာ သဘာဝချည်၊ သဘာဝဆိုးဆေးသုံးပြီး ရက်ခတ်တာနှင့် ကြိုက်နှစ်သက်ရာချည်၊ ကြိုက်နှစ်သက်ရာ ဆိုးဆေး အသုံးပြုပြီး ရက်ခတ်ရမယ့် ပြိုင်ပွဲဆိုပြီး ခွဲခြားထားပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံးက သက်မွေးပညာသိပ္ပံ ကျောင်း ၁၃ ကျောင်းကလည်း ပြိုင်ပွဲအမျိုးအစား ၁၅ မျိုး ပါဝင် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ လက်ရှိ ဇန်နဝါရီ ၃ ရက်အထိတော့ ပြိုင်ပွဲဝင် စုစုပေါင်း ၂၃ ဦးရှိပါပြီ။”ဟု စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က ပြောသည်။

ချည်မျှင်နှင့် အထည်အလိပ်ဒီပလိုမာ ကျောင်းဆင်းလက်ရာပြပွဲနှင့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲ၊ ပြပွဲ၊ ဈေးရောင်းပွဲတော်ကို ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံနှင့် အထည်အလိပ်ရက်ကန်းလုပ်ငန်းရှင် များအသင်း(မန္တလေး)တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်များအပြင် ရက်ကန်း ပညာရပ်ဆိုင်ရာ ဒီဇိုင်းနှင့် ရက်ကန်း လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲများလဲ ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)