မင်းလပြည့် (ဟားခါး)
ထန်တလန်မြို့နယ်ရှိ ဇယ်ဖိုင်ကို ကြားဖူးသည်။ “ဇယ်ဖိုင်ကား (Zui Phe) စကား ချောင်းနံဘေးပြန့်ပြူးစွာရှိခြင်း”ဟု အဓိပ္ပာယ်ရကြောင်း ရန်ကုန်မြို့နေ ဒေသခံရွာသား ဦးခင်ဟရန်းက ရှင်းပြသည်။ ဆန်ရေစပါး ပေါကြွယ်ပြီး ငါးကန်များလည်းရှိသဖြင့် စိတ်ဝင်စားမိသည်။ ချင်းပြည်နယ်ကဲ့သို့ မြေပြန့်လွင်ပြင်နည်းပါးပြီး တောတောင်ထူထပ်သောနေရာတွင် လယ်ကွင်းများ၊ အအေးလွန်ကဲသောနေရာတွင် ငါးများရှင်သန်စေသည်။
သဘာဝငါးကန်များရှိနေခြင်းမှာ အလွယ်တကူ မဟုတ်ပေ။ ကြိုးစားအားထုတ်မှ ဖြစ်နိုင်ပေမည်။ ၎င်းအပြင် အိန္ဒိယ နယ်စပ်နှင့်လည်း မဝေးလွန်းလှသဖြင့် ဇယ်ဖိုင်ရွာသို့သွားရန် ဟားခါးမှ ထန်တလန်သို့ တစ်နာရီကြာ ကားစီးပြီး ၎င်းမှ မတူပီလမ်းပေါ်ရှိ ကြောင်ထီးယားရွာသို့ ရောက်ခဲ့သည်။ ကြောင်ထီးယားရွာကား တစ်ချိန်က ချင်းပြည်နယ်၏ ဖွံ့ဖြိုးမှုအကောင်းဆုံး ရွာလေးတစ်ရွာပင် ဖြစ်သည်။ ရွာတည်ပုံလှပပြီး သန့်ရှင်းသာယာလှပသော ရွာလေးတစ်ရွာလည်း ဖြစ်ပါသည်။
လှပစီရီစွာဆောက်ထား
ကြောင်ထီးယားရွာမှ ဇယ်ဖိုင်ရွာလမ်းခွဲအတိုင်း လဟူသူရမ် တောလမ်းအတိုင်းလာပြီး ဆဇူဆီးချောင်း တံတားကို ဖြတ်လာပြီး မကြာမီ ထင်းရှူးတောအုပ်ကို တွေ့ရသည်။ လမ်းဘေးတစ်လျှောက်တွင် တောဇီးဖြူပင်များ၊ ချင်းဒေသအခေါ် အရာပင်၊ အရမ်ပင်၊ လှိုင်ဇီးပင်၊ ချယ်ရီပင်၊ တောင်ဇလပ်ပင်နှင့် သစ်မျိုးစုံ နေရိပ်မထိုးအောင် ပေါက်ရောက်သော မြိုင်တောကြီးအလယ် ရောက်ရှိလာသည်။ လူသွားလူလာနည်းသော်လည်း ကျောက်ခင်းလမ်းချောမို့ ကားက ကွေ့ပတ်မောင်းရသော်လည်း ခရီးတွင်သည်။ ခရီးသွားလာနေသော ဆိုင်ကယ်များ၊ ဘတ်ဟိုး ယာဉ်ကြီးများကို ကျော်ဖြတ်၍ လယ်ကွင်းများ၊ မှန်သားရောင်ထနေသော ကန်များကို မြင်ရပြန်သည်။ လယ်ကွင်းများကတောင်ကြားထဲတွင်ရှိပြီး ရှမ်းပြည်မြောက်ပိုင်း သိန္နီချိုင့်ဝှမ်းနှင့် ဆင်တူသေးသည်။ မကြာမီ ပင်လယ်ရေ မျက်နှာပြင်အထက် ၅၀၀၂ ပေတွင်ရှိသော ဇယ်ဖိုင်ကျေးရွာသို့ ရောက်ခဲ့သည်။ ဇယ်ဖိုင်တွင် (က) နှင့် (ခ) နှစ်ရွာရှိပြီး ဇယ်ဖိုင် (က) ရွာကား ပင်မရွာဖြစ်ပြီး အိမ်ခြေ ၂၄၃ ရှိကာလူဦးရေ ၂၀၀၀ ခန့် နေထိုင်ကြသည်။ အနီ၊ အဖြူ၊ အဝါ၊ အစိမ်း၊ အပြာရောင်တို့ဖြင့် ရောင်စုံအိမ်လေးများက မီးပုံလေးများပမာ လှပစီရီစွာဆောက်ထားသည်။ ထလာထန် အားကစားကွင်းဟောင်းနေရာကား အထက်တန်းကျောင်းသစ်အဖြစ် တင့်တယ်စွာရှိနေပေပြီ။ ဘောလုံးကွင်းသစ်ကိုလည်း အသစ်ဖောက်လုပ်ပေးလျက် ရှိသည်။
နေထိုင်ကြ
ဇယ်ဖိုင်ရွာ၏ အနောက်ဘက်တွင် ဝမ္မသူးရွာ သွားသောလမ်းရှိပြီး အိန္ဒိယနိုင်ငံ သွားသောလမ်းလည်း ရှိသည်။ နှစ်နိုင်ငံနယ်နိမိတ်ကြားတွင် တွေနူးမြစ်ရှိသည်။
တွေနူးမြစ်ကား ဟားခါးအနီး တီးမြစ်မှ အခြေခံစီးဆင်းကာ ဂငယ်ပုံသဏ္ဌာန်စီးဆင်းသွားကာ ၎င်းမှတစ်ဆင့် တောင်ဘက် သို့ စီးဆင်းသွားပြီး ကုလားတန်မြစ်ဖြစ်လာကြောင်း ဇယ်ဖိုင်ရွာခံ ဦးခင်မောင်ချင်းက ပြောသည်။ ဇယ်ဖိုင်ရွာ အနီး ဆထူးဖောတောင်၊ တလန်ပီး(ခ)တလန်သွေးတောင်၊ တွေဟာတောင်ကြောတို့က အနောက်ဘက်တွင် ကာဆီး ထားသည်။ စိမ်းစိုထူထပ်သော တောအုပ်တန်းကြီးများတွင် ဂျီ၊ ဆတ်၊ တောဝက်၊ ဝက်ဝံတို့ ငှက်မျိုးစုံပေါများစွာ နေထိုင် ကျက်စားကြသည်။ ဆထူးဖောတောင်ကြော အနောက် ဘက်တွင် အိန္ဒိယနိုင်ငံပိုင် ရှာသားရွာ၊ ချိုလုံးရွာ၊ လုံးဇာ ထုံးရွာ၊ ဘွယ်ပီးရွာများကို တွေ့မြင်နေရပြီး ချင်းတိုင်းရင်းသားများ နေထိုင်ကြကြောင်း သိရသည်။
အလျင်အမြန်ဖွံ့ဖြိုး
ဇယ်ဖိုင်ရွာမှ ဘွေနူးရွာသွားသောလမ်းကို ဦးဇမန်းဆိုသူက လမ်းဖောက်လုပ်ပေးပြီး ၎င်း၏ အမှတ်တရကျောက်တိုင်ရှိသည်။ ချင်းပြည်နယ်မှ တာဝန်ရှိသူများက အားပေးဖွင့်လှစ်ပေးခဲ့သည်။ ဘွေနူးမြစ်သို့ ရောက်ပါက စက်လှေ၊ ဝါးဖောင်ဖြင့် သွားရောက်၍ တစ်ဖက်နိုင်ငံသို့ရောက်သည်။ မြစ်ကူးတံတား ဖောက်လုပ်ပြီးစီးပါက ဇယ်ဖိုင်ရွာသို့ တစ်ဖက်နိုင်ငံမှ ကုန်ချောများရောက်ရှိနိုင်သလို ဇယ်ဖိုင်ရွာမှ ဟင်သီးဟင်းရွက်များ၊ ဒေသထွက်ကုန်များကို တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ပေသည်။ ကျေးရွာရှိ စိုက်ပျိုးထားသော သီးနှံများဖြစ်သော ဂေါ်ဖီ၊ မုန်ညင်း၊ ခရမ်းချဉ်ပင်၊ ကြက်သွန်နီပင်များမှာ ဖွံ့ထွား သကဲ့သို့ ဝါးပင်များမှာလည်း ပေါများသည်။ ရွာသူရွာသားများက စိတ်ရင်းဖြူစင် ဖော်ရွေကြသည်။ ဇယ်ဖိုင်ရွာကို ၁၈၄၈ ခုနှစ်တွင် ဝမ္မသူးစော်ဘွားက ရွာခွဲအဖြစ် တည်ခဲ့သည်။ ရွာမှာ အလျင်အမြန် ဖွံ့ဖြိုးခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် အလယ်တန်းကျောင်း၊ ၂၀၁၈ ခုနှစ်တွင် အထက်တန်း ကျောင်းအဆင့် တိုးမြှင့်ရရှိခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ကျေးလက်ကျန်းမာရေးဦးစီးမှူးရုံး ရရှိခဲ့ပြီး လူဦးရေတိုးပွားလာသဖြင့် ယခုအခါ တိုက်နယ်ဆေးရုံအဆင့်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ၁၉၄၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ဖလမ်းအရေးပိုင်၏ အမိန့်အရ ဇယ်ဖိုင်(ခ)ရွာအား ကျေးရွာတစ်ခုအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း ရွာခံ ဦးခင်ဟရန်းထံမှ သိရှိရသည်။ ယင်းအပြင် ဆိုလာမီးဖြင့် ရွာအား ညနေ ၆ နာရီမှ ည ၉ နာရီခွဲထိ မီးပေးလျက်ရှိသည်။ ဇယ်ဖိုင်(က)ရွာတွင် ရေဖြန့်ဖြူးသော ရေကန်တစ်ကန်ရှိပြီး နိုင်ငံခြားတွင် နေထိုင်သူ ရွာခံများက ငွေကျပ် သိန်း ၃၅၀ ဖြင့် မတည် ဆောင်ရွက်ပေးသဖြင့် ရေရှားပါးမှုမရှိကြောင်း သိရသည်။
ရွာများမှာ တောင်ကြောပေါ်တွင် ဆက်စပ်တည်ရှိပြီးဇယ်ဖိုင်(က)နှင့် နှစ်မိုင်ခန့်အကွာတွင် ဇယ်ဖိုင်(ခ)ရွာရှိကာ တယ်လီနောတာဝါတိုင် ရှိသည်။ ဇယ်ဖိုင်(ခ)မှ ကိုးမိုင်အကွာတွင် ခွာဘုံရွာ၊ ၎င်းမှ ငလန်းရွာ(ဖိုင်ပီး)၊ ထန်အောရွာ၊ ဖန်ထင်းရွာ၊ နှရိန်ရွာ၊ တီဆင်းရွာတို့ရှိကြပြီး လမ်းများအား အဆင့်မြှင့်တင်ခြင်း၊ လမ်းတာချဲ့ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ဇယ်ဖိုင်(ခ)ရွာ၏အနီးတွင် မြင့်မားသော လိန်ခေါ်တောင်နှင့် ခါချာတောင်ကြီးများကိုလည်း တွေ့ရသည်။ ဇယ်ဖိုင်(က)နှင့် (ခ)ရွာမှာ သန့်ရှင်းသပ်ရပ်ပြီး ရွာသူရွာသားများမှာလည်း စိုက်ပျိုးရေးနှင့် ကုန်သွယ်မှုများကို အထူး ကြိုးစားလုပ်ကိုင်ကြသည်။ ဇယ်ဖိုင်(က)ရွာတွင် ဆန်စက်ငယ် ၁၅ လုံးနှင့် ဇယ်ဖိုင်(ခ)ရွာတွင် ဆန်စက်ငယ် ခုနှစ်လုံးရှိကြောင်း ဒေသခံ ဦးခင်မောင်ချင်းထံမှ သိရသည်။
ဇယ်ဖိုင်ရွာမှ ကား၊ ဆိုင်ကယ်ဖြင့် အိန္ဒိယနိုင်ငံ ဆိုင်တားမြို့သို့ နေ့ချင်းပြန် ဈေးဝယ်လေ့ရှိကြောင်း သိရှိရသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှု၊ လုံခြုံရေး ကောင်းမွန်လာသည်နှင့်အမျှ စီးပွားရေး အလျင်အမြန် ကောင်းမွန်လာပြီး နိုင်ငံတော်အစိုးရ၏ အဘက်ဘက်မှ အားပေးမြှင့်တင် ဆောင်ရွက်ပေးမှုများကြောင့် အနာဂတ်တွင် နယ်စပ်မြို့တစ်ခု မလွဲမသွေ ပေါ်ထွန်းဖြစ်ပေါ်လာ နိုင်သည်။ နိုင်ငံတော်အစိုးရ၏ အားပေးဆောင်ရွက်မှုဖြင့် အနာဂတ်တွင် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်း အသစ်တစ်ခု ဖြစ်လာနိုင်ကြောင်း စိတ်ဝယ်တွေးထင် မြင်ယောင်နေမိပါတော့သည်။ ။
ကြေးမုံ